close

ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်တပ်က မီးရှို့၊ ခင်ဦးမြို့နယ်၌ စစ်ကောင်စီတပ်က ရွာသား ၉ ဦးခန့်ကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ဘက်မှာရှိတဲ့ စက္ကန့်ကျေးရွာက ဒေသခံ လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက် ဒီနေ့ နေ့လယ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ တောင်ဖီလာ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်က ဒီနေ့လယ်ပိုင်းမှာ လာရောက်မီးရှို့ ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး ကျေးရွာက လူနေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သက်သက်မဲ့ လာရောက်မီးရှို့တာ။ ဘာကြောင့်မီးရှို့တယ် ဆိုတာကိုတော့ အတိအကျမသိရဘူး။ တချို့ ပြေးတဲ့သူတွေလည်းရှိတယ်။ တချို့ကလည်း ရွာထဲမှာရှိနေခဲ့တယ်။”

အဆိုပါ စက္ကန့်ကျေးရွာကို ကလေးမြို့ တောင်ဖီလာတောင်ပေါ်မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သား‌တွေက လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်‌နေတာကြောင့် ကျေးရွာက ဒေသခံအများစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ စစ်ဘေး‌တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် စက္ကန့်ကျေးရွာက ဒေသခံနေအိမ်တွေ လက်နက်ကြီးထိမှန်ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကလည်း ကလေးမြို့နယ်‌ မြောက်ပိုင်း လက်ပံချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

ဒီဗွီဘီက ပြုစုထားတဲ့ အချက်အလက်‌အရ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အလယ်ရှိုရွာမှာတော့  တပတ်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၉ ဦးထက်မနည်းကို သေနတ်နဲ့ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က အလယ်ရှိုရွာကို ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူတွေကို ပစ်သတ်ခဲ့တဲ့အတွက် အသက် ၁၇ နှစ်အရွယ် လူငယ်တဦး အပါအဝင် အမျိုးသား၊ အမျိုးသမီး ၉ ဦးထက်မနည်း သေဆုံးခဲ့တာလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

“စစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့ကတည်းက ရွာကိုဝင်လာတယ်။ တပတ်အတွင်း ရွာက အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ပစ်သတ်သွားတယ်။ အဲဒီထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ်အမျိုးသားတဦး ပါတယ်။ စုစုပေါင်း ၉ ဦး ပစ်သတ်ခံရတာ။ ဒါ ရှာတွေ့သမျှကို ပြောတာ။ ပျောက်နေသူတွေလည်း ရှိသေးတယ်။”

အသက် ၁၇ နှစ်အရွယ် မောင်နေမျိုးအောင် အပါအဝင် ဦးချစ်ခင်၊ ဦးကျော်စိုးအောင်၊ ဦးအောင်ကို၊ ဦးအောင်မြင့်သန်း၊  ကိုဆန်းနိုင်၊ ဦးထွန်းမင်း၊ ဒေါ်ချောပို၊ ဒေါ်ဝင်းဌေး စတဲ့ အမျိုးသား အမျိုးသမီး ၉ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားခဲ့တာပါ။

“ပစ်သတ်ခံရတဲ့အထဲမှာ ရှာတွေ့သလောက်က အသက် ၁၇ နှစ်အရွယ်ကစပြီး အသက် ၆၀ အရွယ်ထိ တွေ့ရတယ်။ တွေ့ရတဲ့ အလောင်းတွေမှာ ကျည်ဆန်ရာ တွေ့ရတယ်။ တချို့ကို  အိမ်အောက်တွေမှာ မြေမြှုပ်သွားတယ်။  နောက်ပြီး ဒေသခံတချို့လည်း ပျောက်နေတယ်။ သေသလား၊ ရှင်သလားတော့ မသိရသေးဘူး။ စစ်ကြောင်းထွက်သွားတုန်း ဝင်ရှာရတာ။ စစ်ကြောင်းပြန်ဝင်လာမှာစိုးလို့ ခုထိ ဘေးလွတ်ရာ တိမ်းရှောင်နေရတုန်းပဲ” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အလယ်ရှိုကျေးရွာကို စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း စတုတ္ထအကြိမ်မြောက် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တာဖြစ်တဲ့အတွက် ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up