close

အကျဉ်းထောင် ၁၉ ခုမှ နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် လွတ်မြောက်ခဲ့ဟု အေအေပီပီပြော

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက အကျဉ်းသား ၇၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံတဝန်း အကျဉ်းထောင် ၁၉ ခုထက်မနည်းမှ နိုင်ငံရေး အကျဉ်းသား ၃၀၀ ဝန်းကျင် လွတ်မြောက်လာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ပြောပါတယ်။

လတ်တလောမှာတော့ အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၁၉၃ ယောက်ကို မှတ်တမ်းယူထားနိုင်ခဲ့ပြီး လွတ်မြောက်လာသူဦးရေအတိအကျနဲ့ အမည်စာရင်းတွေ ချက်ချင်းရရှိနိုင်ဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် အ တည်ပြုဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၀၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၉၇၅ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၂၈၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၉၁၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၆၆၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ည ၇ နာရီခွဲလောက်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ အဆိုပါလက်နက်ကြီးကျည် ဟာ ဒေါတငူးကျေးရွာအနီးက တဲအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင် အမျိုးသမီးတယောက်ဖြစ်တဲ့ စိုးမြာဟာ ပေါင်ကို ထိမှန်ခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃ ရက် တရက်တည်းမှာပဲ ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်တွင်းအထူးတရားရုံးကနေ ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အတွင်းရေးမှူး ဦးအောင်ကြွယ်ကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးအောင်ကြွယ်ဟာ အသက် ၇၀ ကျော်အရွယ် ရှိပြီဖြစ်ပြီး အချိန် ၁ နှစ်ကျော်ကြာ ဖမ်းဆီးခံထားခဲ့ရ ပြီးနောက် ခုလိုအမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up