close

ALP ထုတ်ပြန်ချက် အခြေအမြစ်မရှိဟု AA တုံ့ပြန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စစ်ဦးစီးချုပ်နဲ့ တပ်မှူး ၂ ဦးတို့ကို ရက္ခိုင့်တပ်တော်က အကြမ်းဖက်သတ်ဖြတ်သွားတယ်ဆိုတဲ့ ALP ရဲ့ ​ထုတ်ပြန်ချက်ဟာ စွပ်စွဲချက်သာဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“သက်သေအထောက်အထား တစုံတရာ ပြနိုင်တာမရှိဘဲ အခုလို ကျနော်တို့ ULA/AA နာမည်ကို ထုတ်သုံးပြီး စွပ်စွဲတာက လူထုအမြင်မှာ AA အပေါ် အမုန်းတရား ပွားစေလာအောင် ဖန်တီးချက်တခုသာ ဖြစ်ပါလိမ့်မယ်။”

ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် ၁၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက စစ်တွေမြို့မှာပြုလုပ်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ပြီး ကားနဲ့ပြန်လာစဥ် ရက္ခိုင့်တပ်တော် (AA) ဘက်က လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ဒီနေ့ ဇန်နဝါရီ ၅ ရက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

လက်ရှိအခြေအနေမှာ ALP ပါတီအတွင်း အုပ်စုကွဲမှုတွေ ဖြစ်ပေါ်နေပြီး အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ပဋိပက္ခတွေ​ရှိနေသလို တခြားအင်အားစုတခုက ရခိုင်အချင်းချင်း ပြဿနာရှုပ်ထွေးလာအောင် ဖန်တီးလုပ်ကြံတာ ဖြစ်နိုင်တယ်လို့  နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

“အေအေဘက်က လုပ်ကြံတယ်ဆိုရင် သူတို့ဘက်က ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပြပြီးမှ စွပ်စွဲသင့်တယ်လေ။ အခုက သူတို့အဖွဲ့ထဲမှာလည်း ပြဿနာတွေ ရှိနေတယ်လို့ သိရတယ်ဗျ။ စဉ်းစားစရာတခုက တခြားအင်အားစု တခုခုကလည်း ရခိုင်တပ်ဖွဲ့အချင်းချင်း ပြဿနာရှုပ်ထွေးလာအောင် ဖန်တီးချင်လို့ လုပ်ကြံ သတ်ဖြတ်တာတွေလည်း ရှိနိုင်တာပေါ့လေ။”

အခုလို လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ALP ပါတီ တာဝန်ရှိသူတဦးကတော့ ရခိုင်က လက်နက်ကိုင်တပ်ဖွဲ့ဝင်တိုင်း ရခိုင်ပြည်လွတ်မြောက်ဖို့ လုပ်ဆောင်တာဖြစ်ပြီး အခုလို ရက်စက်တဲ့ အကြမ်းဖက်နည်းလမ်းနဲ့ မလုပ်ဆောင်သင့်ကြောင်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up