ယူကရိန်းတွင် ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲရန် ရုရှားသမ္မတပူတင် အမိန့်ပေး

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ခရစ်ယာန်သမ္မာကျမ်းစာအရ သတ်မှတ်ထားတဲ့ ရှေးရိုးခရစ္စမတ်ကာလအတွင်း ယူကရိန်းမှာ ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲဖို့ အမိန့်ပေးခဲ့ပြီး ဒါဟာ ယူကရိန်းမှာ လူပေါင်းသောင်းနဲ့ချီ သေဆုံးပြီး ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ ၁၀ လကျော်ကြာ စစ်ပွဲရဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေးလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၆ ရက် ၁၂ နာရီမှ ဇန်နဝါရီ ၇ ရက်နေ့ ၂၄ နာရီအထိ ၃၆ နာရီကြာ ယူကရိန်းရှိ အဖွဲ့တွေရဲ့ အဆက်အသွယ် လမ်းကြောင်းတလျှောက် အပစ်အခတ်ရပ်စဲရေး အစီအစဉ်တရပ်ကို လုပ်ဆောင်ဖို့ ရုရှားကာကွယ်ရေးဝန်ကြီးကို ပူတင်က ညွှန်ကြားလိုက်တာပါ။
ယူကရိန်းကတော့ ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲရေးအတွက် ပူတင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပြီး ရုရှားက ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေကနေ ဆုတ်ခွာသွားတဲ့အထိ အပစ်အခတ် ရပ်စဲထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းမှာ နေထိုင်သူတွေ အပါအဝင် သြသဒေါက်စ် ရှေးရိုးခရစ်ယာန် အများအပြားဟာ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ယေရှုခရစ်တော်မွေးဖွားခြင်းကို အောက်မေ့တဲ့အနေနဲ့ ဇန်နဝါရီ ၆ ရက်မှ ၇ ရက်အထိ ခရစ္စမတ်ပွဲတော်ကို ကျင်းပကြလေ့ ရှိပါတယ်။
ရုရှားဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ လူနဲ့ လက်နက်ပစ္စည်းတွေကို ပိုသယ်လာနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို အကာအကွယ်အဖြစ် အသုံးပြုဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
“လက်ရှိမှာ သူတို့က ခရစ္စမတ်ကို အကာအကွယ်တခုအနေနဲ့ အသုံးချချင်နေတာပါ။ အတိုချုပ်ပြောရရင် ဒွန်ဘတ်စ်ဒေသမှာ ကျနော်တို့စစ်သားတွေရဲ့ စစ်ချီမှုတွေကို ရပ်တန့်အောင်နဲ့ စစ်လက်နက်ပစ္စည်း၊ ခဲယမ်းမီးကျောက်နဲ့ အသင့်ပြင်ထားတဲ့ တပ်ဖွဲ့တွေကို ကျနော်တို့ရဲ့ စစ်စခန်းနေရာတွေနဲ့ ပိုနီးအောင် လွှတ်ချင်တာပါ” လို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ရုရှားဘာသာနဲ့ အသားပေး ပြောဆိုခဲ့ပါတယ်။
ရုရှားစစ်သားတွေ ထွက်သွားရင်ထွက်သွား ဒါမှမဟုတ် သူတို့ထွက်သွားအောင် ငါတို့ တိုက်ထုတ်မှပဲ ဒီစစ်ပွဲ ပြီးဆုံးမှာဖြစ်တယ်လို့လည်း ယူကရိန်းသမ္မတက ပြောထားပါတယ်။
စစ်ဒဏ်ခံနေရတဲ့ယူကရိန်းမှာ ငြိမ်းချမ်းရေးက ဖြစ်မလာနိုင်သေးဘဲ မော်စကိုနဲ့ ကိယက်ဗ်တို့အကြား ပဋိပက္ခတွေကို ချုပ်ငြိမ်းသွားစေမယ့် ဆွေးနွေးပွဲတွေက မဖြစ်လာနိုင်သေးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
လက်ရှိအခိုက်အတန့်မှာတော့ စစ်ပွဲရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ထင်မြင်ကြောင်း ဂူတာရက်စ်က ပေါ်တူဂီနိုင်ငံရှိ လစ္စဘွန်းတက္ကသိုလ်မှာ ဆုလက်ခံရယူတဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။
တူရကီသမ္မတ အာဒိုဂန်ကလည်း သူ့အစိုးရအဖွဲ့အနေနဲ့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးရရှိဖို့ ဖျန်ဖြေရေးနဲ့ ညှိနှိုင်းရေးတာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးကို ပြောကြားခဲ့ပါတယ်။
အာဒိုဂန်ရဲ့ ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ သိပ်အရေးကြီးတဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးညှိနှိုင်းမှုက အခိုက်အတန့် ဝေးနေသေးတယ်လို့ သူ့အနေနဲ့ ထင်မြင်ယူဆကြောင်း ဂူတာရက်စ်က ပြောပါတယ်။
ငြိမ်းချမ်းရေးကို ချက်ချင်းလက်ငင်းမြင်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိသေးဘူးလို့ ထင်မြင်ကြောင်း၊ ဒါပေမဲ့ ကုလသမဂ္ဂပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတို့ကို အခြေခံတဲ့ ငြိမ်းချမ်းရေးက အလှမ်းမဝေးတော့ဘဲ မကြာခင်ဖြစ်လာတော့မယ်လို့ ယူဆကြောင်း ဂူတာရက်စ်က ပြောသွားပါတယ်။