close

စစ်တပ်က ကြာအင်းဆိပ်ကြီး‌ဆေးရုံရှိ လူနာများကို မောင်းထုတ်ပြီး တပ်စွဲ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ ဆရာဝန်တွေကို ဇန်နဝါရီ ၅ ရက် ညပိုင်းက ဆေးရုံမှဆင်းခိုင်းပြီး စစ်ကောင်စီတပ်က တပ်စွဲခဲ့တာကြောင့် ဆေးကုသခွင့် မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၇ နာရီလောက်မှာ ဒါဇင်နဲ့ချီရှိတဲ့ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီတပ်က ညတွင်းချင်း ဆေးရုံက ဆင်းခိုင်းခဲ့တာပါ။

ဒေသခံတဦးက “လူနာတွေ အကုန်ဆင်းခိုင်းတော့ ကျန်းမာရေးဝန်ထမ်းတွေလည်း ဘယ်သူမှ မနေရဲတော့ဘူး။ ဆေးကုဖို့နေရာမရှိရင် လူနာတွေ သေကုန်မှာပေါ့” လို့ ပြောပါတယ်။

အခုရက်တွေမှာ KNLA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က ရာချီ ထိခိုက်ကျဆုံး တာတွေကြောင့် တောင်ကလေး ခုတင် ၁၀၀ ဆန့် စစ်ဆေးရုံမှာလည်း အရပ်သားတွေကို ဆေးကုသခွင့် မပေးခဲ့သလို အခု ပြည်သူ့ဆေးရုံကိုပါ အရပ်သားလူနာတွေကို ဆေးကုသခွင့် မပေးတော့ပါဘူး။

အဆိုပါတိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်ရော သာမန်အရပ်သားတွေပါ ထိခိုက်သေဆုံးခဲ့ကြသလို လက်ရှိ ကရင်ပြည်နယ်အတွင်း စစ်ရှောင် သိန်းနဲ့ချီရှိလာကာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသနဲ့ ကော့ကရိတ်ဒေသတလျှောက် စစ်ကောင်စီတပ်နဲ့ K.T.L.A(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နဲ့ တခြားပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတာ ၆ ရက်တာရှိသွားပြီး  အဆိုပါ တိုက်ပွဲတွေအတွင်း BGF နဲ့ အကြမ်းဖက်စစ်တပ်တွေ ပူးပေါင်းနေထိုင်တဲ့ စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့  ထုတ်ပြန်ပါ တယ်။

ဒါ့အပြင် ရန်သူ့စခန်းကို တိုက်ခိုက်ချေမှုန်းရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၉၀ ကျော်သေဆုံးခဲ့ပြီး ထပ်မံသေဆုံးစာရင်းကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်တပ်ဘက်က ကျေးရွာတွေဆီ ဦးတည်ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၁၅၀၀ ကျော်စစ်ဘေးရှောင်ခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် Lion Battalion Commando-ဗျူဟာစစ်ကြောင်းအနေနဲ့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ပြန်လည်ဖြည့်တင်းပြီးတော့ အခွင့်အခါသင့်သလို အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ဆိုပါတယ်။ 

စစ်ရေးအခြေအနေအသေးစိတ်ကို စောလျင်စွာထုတ်ပြန်တာက ရန်သူကို ပိုပြီးတော့ အားသာစေတဲ့အတွက် သတင်းထုတ်ပြန်တာ နောက်ကျမှုတွေ ရှိခဲ့တာကိုလည်း မိဘပြည်သူတွေ နားလည်စေလို ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူတွေအနေနဲ့လည်း တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေတာကို မမေ့မလျော့ကြဖို့နဲ့ ပိုမိုပြင်းထန်လာမယ့် တိုက်ပွဲတွေအပေါ် ပူးပေါင်းပါဝင်သွားကြဖို့လည်း တောင်းဆိုထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up