တရုတ်ခရီးသွားဧည့်သည် ၃ သိန်းခန့်ဝင်ရောက်ရန်ရှိသဖြင့် ကိုဗစ်ကာကွယ်ရန် ထိုင်းပြင်ဆင်

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားတဲ့နိုင်ငံ့တံခါးပေါက်တွေကို ဇန်နဝါရီ ၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ တရုတ်နိုင်ငံကကြေညာလိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံထဲလာ ရောက်လည်ပတ်မယ့် တရုတ်နိုင်ငံသားတွေကို ကြိုဆိုဖို့နဲ့ ကိုဗစ်ရောဂါ ကာကွယ်ဖို့ ပြင်ဆင်နေပါတယ်။
အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြင်ဆင်နေကြောင်း ၊ တရုတ်နိုင်ငံက ခရီးသွားဧည့်သည်တွေဟာ ဇန်နဝါရီ ၁၉ ရက်မှာ စတင်ဝင်ရောက်လာမှာဖြစ်ပြီး ပထမ အသုတ်အနေနဲ့ ခန့်မှန်းခြေ ၃၀၀၀၀၀ လောက် ဝင်လာမယ်လို့ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့အား ကစားဝန်ကြီးဌာန ဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပကန်က ဒီဇင်ဘာ ၅ ရက်မှာ သတင်း ထောက်တွေကို ပြောပါတယ်။
လာရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေအနေနဲ့ ကိုဗစ်-၁၉ စစ်ဆေးပြီးကင်းစင် ကြောင်းအထောက်အထား၊ ကျန်းမာရေးအာမခံတွေပါရှိရမှာဖြစ်ကြောင်း ၊ အစုလိုက်အဖွဲ့လိုက် ဝင်ရောက်လာမယ့် ဧည့်သည်တွေကို ထိုင်းနိုင်ငံက ကျန်းမာရေးအာမခံရောင်းချပေးဖို့လည်း စီစဉ် ထားတယ်လို့ ဝန်ကြီးနိုင်းဖိဖတ်က ဆက်ပြောပါတယ်။
တခြားနိုင်ငံတွေကလည်း နိုင်ငံထဲဝင်ရောက်လာမယ့်သူတွေအားလုံး RT -PCR နဲ့ ကိုဗစ်-၁၉ စစ်ဆေးပြီးမှ အဝင်ခံမယ်လို့ ကြေညာထားကြတာကြောင့် ထိုင်းအနေနဲ့ စိုးရိမ်ကြောင့်ကြမှု မရှိကြောင်း၊ ခရီးသည်တွေ သွားလာရအဆင်ပြေအောင် လေကြောင်းလိုင်းတွေလည်း တိုးချဲ့ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပထမအသုတ်ဝင်လာမယ့်ခရီးသည်တွေဟာ ဖူးကက် ၊ ချင်းမိုင်နဲ့ ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသကို လာရောက်လည်ပတ်မှာဖြစ်ပြီး တခြားဒေသတွေလည်း လည်ပတ်နိုင်အောင် လေကြောင်းခရီးစဉ်တိုးချဲ့နေတယ်လို့ ထိုင်းခရီးသွားဝန်ကြီးက ပြောပါတယ်။
ထိုင်းကျန်းမာရေး ဝန်ကြီးဌာန ၊ ခရီးသွားလုပ်ငန်းနဲ့အားကစားဝန်ကြီးဌာန ၊ ဘန်ကောက် ခရိုင်က ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေဟာ ခရီးသွားဧည့်သည်အမြောက်အမြား ဝင်ရောက်လာမယ့် ကိစ္စနဲ့ ပတ်သက်လို့ မနေ့က အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပါတယ်။
နိုင်ငံခြားခရီးသွားဧည့်သည်တွေအနေနဲ့ တည်းခိုစရာ၊ တက္ကစီ၊ စားသောက်ဆိုင် အစရှိတဲ့ အချက်အလက်တွေမေးမြန်းစုံစမ်းနိုင်အောင် စင်တာတွေဖွင့်လှစ်ထားရှိရေး၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှု စတာတွေ ဆွေးနွေးခဲ့ပါတယ်။
ကိုဗစ်-၁၉ အပါအဝင် ကျန်းမာရေးအာမခံလုပ်ဆိုတဲ့စည်းကမ်းချက်မှာ တရုတ်ခရီးသွားတွေကိုသာ ဆိုလိုတာမဟုတ်ဘဲ နိုင်ငံခြားခရီးသွားဧည့်သည်တိုင်းကို တန်းတူညီမျှ ဝန်ဆောင်မှုပေးတာဖြစ်ကြောင်း ၊ ကျန်းမာရေးအာမခံဝယ်ထားတာဟာ အလည်ရောက်နေတဲ့ နိုင်ငံ အတွက်ရော၊ မူရင်းတိုင်းပြည်အတွက်ပါ ကောင်းမွန်ကြောင်း ၊ ခရီးသွားလုပ်ငန်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို အထောက်အကူပြုတာကြောင့် ခရီးသွားဧည့်သည်တွေကို အလေးထားဖို့ ထိုင်းကျန်းမာရေးဝန်ကြီး အနုထင်းချန်းဝီလကွန်းက အစည်းအဝေးမှာ ထည့်သွင်းပြောပါတယ်။
တရုတ်နိုင်ငံက ပိတ်ထားတဲ့တံခါးတွေ ပြန်ဖွင့်မယ်လို့ ကြေညာထားပေမယ့် တရုတ်ပြည်တွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုသေဆုံးမှုတွေအများအပြားရှိနေပြီး ၊ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း၊ သေဆုံးသူအရေအတွက်နဲ့ပတ်သက်လို့ တရုတ်အစိုးရက တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းနဲ့ အပြင်မှာ တကယ်ဖြစ် ပျက်နေတာတွေဟာ အင်မတန်ကွာခြားနေတယ်လို့ ဂလိုဘယ်သတင်းကို ကိုးကားပြီး ချနယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အထူးသဖြင့် မြို့တော် ပီကင်းနဲ့ ချင်းဖုခရိုင်က ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေ ပြည့်နေပြီး ခုတင်မလောက်လို့ ဆေးရုံအပြင်ဘက်မှာ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ လူနာတွေ စောင့်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပြန့်နေကြောင်း ၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း တရုတ်အနေနဲ့ ကိုဗစ်-၁၉ ဆိုင်ရာသတင်းအချက်အလက်တွေကို အမှန်အတိုင်းထုတ်ပြန်ဖို့ တောင်းဆိုထားပါတယ်။
ကိုးကား - PPTV