close

ဗိုလ်ချုပ်ခိုင်စိုးမြအပါအဝင် ၃ ဦးလုပ်ကြံခံရမှုအပေါ် AA နှင့် ALP တာဝန်ရှိသူများ၏ ပြောကြားချက်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)  စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် ၁၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက စစ်တွေမြို့မှာကျင်းပတဲ့  ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ပြီး ကားနဲ့ပြန်လာစဥ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ဒါဟာ  ရက္ခိုင့်တပ်တော် (AA) ဘက်က လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ (ALP)က ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်များ။ 

ခိုင်သူခ (ရက္ခိုင့်တပ်တော် ( ULA/ AA)  ပြောရေးဆိုခွင့်ရှိသူ ) 

“ဒီကိစ္စကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဖြစ်ပါတယ်။ ဒီလိုမျိုးကျနော်တို့  ULA  ကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိစွပ်စွဲတယ်ဆိုတာက နာမည်သေနေတဲ့သူတို့ ALP ကို နာမည်ကြီးအောင်လုပ်ချင်လို့လုပ်တာလည်းဖြစ်နိုင်တာပေါ့။ နောက်တခုကတော့ သူတို့ ALP အချင်းချင်းကြားမှာလည်းပဲ နှစ်ဖွဲ့ကွဲပြီးတော့ သူတို့ တဖက်နဲ့တဖက် စွပ်စွဲတိုက်ခိုက် အဲဒါမျိုးတွေ ဖြစ်နေတာရှိတယ်။ နောက်ပြီးတော့ နေပြည်တော်ကို အစည်းအဝေးသွားတက်ဖို့ သွားဖို့ဆိုရင် နှစ်ဖွဲ့လုနေကြတာရှိတယ်။ နောက်ပြီးလို့ရှိရင် သူတို့ ALP အချင်းချင်းကြားမှာလည်း အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အတွင်းပဋိက္ခတွေလည်း အများကြီးရှိတယ်ဗျ။”

“နောက်ဖြစ်နိုင်ခြေတခုက တခြားအင်အားစုတခုခုက ပြဿနာတွေပိုပြီး ရှုပ်ထွေးသွားအောင် ဖန်တီးလို့တဲ့ရည်ရွယ်ချက်နဲ့ အခုလိုမျိုးလုပ်ကြံသတ်ဖြတ်တာလည်း  ဖြစ်နိုင်တယ်။ ဒီလိုမျိုးအရှုပ်အထွေးတွေကြားမှာ ဘယ်သူက ဘာလုပ်သွားမှန်းမသိတဲ့အတွက်  ကျနော်တို့အနေနဲ့ ဒီကိစ္စကို ဘာမှ မှတ်ချက်ပေးစရာမရှိဘူးဗျ။  နောက်တခုကတော့ အခုတဲ့ သေမှုသေခင်းနဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင်ပြည်သူ့အစိုးရဆီမှာ တိုင်ကြားလာတာမျိုးမရှိသေးဘူး။ အဲလိုမျိုး တိုင်ကြားလာမယ်ဆိုရင်တော့ ကျနော်တို့ ရခိုင်ပြည်သူ့အစိုးရအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ပေးသွားဖို့ရှိပါတယ်” 

စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒု ဥက္ကဋ္ဌ) 

မေး - “ALP ထုတ်ပြန်ချက် ထုတ်ပြီးတဲ့အချိန်မှာ အေအေဘက်ကို မေးတဲ့အခါ သူတို့လက်ချက်မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။ ဒါက ALP အတွင်းက အကွဲအပြဲတွေဖြစ်နိုင်တယ်လို့  ပြောတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုပြောချင်ပါလဲ။”

ဖြေ - ALP မှာ အကွဲအပြဲ ရှိတယ်ဆိုပေမဲ့ သတ်တဲ့အထိအောင် ALP မှာ လုပ်ရိုးလုပ်စဉ်လည်း မရှိဘူး။ အကွဲအပြဲဖြစ်ခဲ့တာ၊ ထုတ်ပြန်ချက်တခု ထုတ်ခဲ့တာကလွဲရင် တယောက်နဲ့တယောက်၊ တဘက်နဲ့တဘက် အနာတရဖြစ်အောင် ဘာမှမလုပ်ဘူး။ အဲဒါကမမှန်ဘူး၊  အဲဒါတချက်ပဲ ပြောချင်တယ်။ နောက်တချက်က ခိုင်သုခ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ဘာမှမပြောချင်ဘူး။ ကျမ ပြောချင်တာက အချက်သုံးချက် ရှိတယ်။ သတင်းဌာတွေကိုလည်း ပြောတယ်။ နံပါတ်တစ် လာရောက် လုပ်ကြံတဲ့သူက လုပ်ကြံလိုက်တဲ့အတွက်ကြောင့် ကျမတို့ဘက်က ဆုံးရှုံးသွားပြီ။ ဒါကိုကျမပြောချင်တယ် လာရောက်လုပ်ကြံတယ်၊ သတ်ရဲတယ်။ ဒါကြောင့်မလို့ဆုံးရှုံးသွားပြီဖြစ်တယ်။ နောက်တခုက စစ်တွေက လုံခြုံရေးမရှိဘူး။ လုံခြုံရေးမရှိဘူးဆိုရင် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ ကျမ ပြောစရာမလိုဘူး။ နောက်တခုက ဘယ်သူ့လက်ချက်လဲ၊ ဘယ်သူလုပ်သလဲ၊ အဲဒါကို ကျမပါးစပ်က ထုတ်ပြောနေစရာကို အကြောင်းမရှိဘူး။ ကျမပြောလည်း မပြောဘူး။ ကျမက ခေါင်းအေးအေးနဲ့ အမျိုးသားရေးပြဿနာ၊ အမျိုးသားရေး ရပိုင်ခွင့်တွေကို အေးအေးဆေးဆေး ဖြေရှင်းချင်တဲ့သူပဲ ဖြစ်တယ်။ အခုက သွေးထွက်သံယိုမှုတွေ၊ အဖမ်းအဆီးတွေ အများကြီး ဖြစ်လာတယ်။  စိတ်မကောင်းပါဘူး ရခိုင်အမျိုးသားအချင်းချင်းကြားမှာ အခုလိုဖြစ်ရတာ။ ကျမ တိုင်းပြည်အတွက် ရင်နာတယ်။ တိုင်းပြည်ကို ချစ်လို့၊ လူမျိုးကို ချစ်လို့ ကျမတို့ တော်လှန်ရေးလုပ်လာတယ်၊ နိုင်ငံရေး လုပ်လာတယ်။ စိတ်မကောင်းစရာတွေနဲ့ချည်းပဲကျမတို့ကြုံတွေ့နေရတယ်။ ကျမရင်နာတယ်။  အမျိုးသားရေးရပိုင်ခွင့်ဆိုတာ သတ်ဖြတ်နေဖို့ မဟုတ်ဘူး။ ဘယ်သူလုပ်တယ်၊ ဘယ်အဖွဲ့လုပ်တယ်ဆိုတာ ကျမ ပြောနေစရာကို မရှိဘူး။ ပြည်သူမှာ ဦးနှောက်ရှိတယ်၊ အသိရှိတယ်။ ဒါပဲ ကျမ ပြောချင်တယ်။”

မေး - “အခုလိုမျိုး အဖွဲ့အစည်းတခုရဲ့ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ သေဆုံးမှုဟာ ALP အတွက် ဘယ်လောက်ထိခိုက်နစ်နာမှု ရှိပါလဲ။”

ဖြေ - ဗိုလ်ချုပ်ခိုင်စောမြဟာ နှစ်ပေါင်း လေးဆယ်ကျော် တော်လှန်ရေးမှာ ပေးဆပ်ခဲ့တဲ့သူ ဖြစ်တယ်။ အရမ်းသဘောကောင်းတယ်။ တည်တည်ငြိမ်ငြိမ်၊ ရင့်ကျက်တယ်။ ALP အတွက်တင်မကဘဲ မြန်မာ့နိုင်ငံရေးအတွက် ငြိမ်းချမ်းရေးအတွက်လည်း သူ ကြိုးပမ်းခဲ့တယ်။ အစိုးရနဲ့ အမြဲတမ်း တိုင်ပင်ဆွေးနွေးနေတယ်။ တခြားလူတွေတောင် စိတ်လိုက်မာန်ပါ ရှိသေးတယ်။ ဗိုလ်ချုပ်ခိုင်စောမြက တခါမှ စိတ်လိုက်မာန်ပါ မရှိဘူး။ အရမ်းစိတ်အေးအေးထားပြီး ရိုးရိုးသားသား အလုပ်လုပ်တယ်။  တော်တော်လေးစားဖို့ ကောင်းတယ်။ အဲဒီလိုလူတယောက် ဆုံးရှုံးသွားတာ အရမ်းရင်ကွဲတယ်။ တိုင်းပြည်အတွက်လည်း အများကြီး နစ်နာတယ်။ တိုင်းပြည်အတွက် နစ်နာတယ်ဆိုတာက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူက တောက်လျှောက်ပါဝင်ဆွေးနွေးနေတဲ့သူ ဖြစ်တယ်။ ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုး၊ လူငယ်၊ အရမ်းတက်ကြွတယ်။  ပါတီအတွက်၊ တပ်မတော်အတွက် အရမ်းကို အနစ်နာခံတယ်။ အဲဒီလူကိုလည်း ဆုံးရှုံးသွားတယ်။ ခိုင်သူရိန္ဒ ဆိုလည်း အရမ်းရိုးသားတဲ့ တပ်မှူးတယောက် ဖြစ်တယ်။ ကျမတို့ကို အထောက်အကူပြုနေတဲ့၊ ပါတီကို အထောက်အကူပြုနေတဲ့ ပါတီအတွက် အလုပ်လုပ်နေတယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေဟာ ကျမတို့သွားနေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်က လူတွေဖြစ်တယ်။ အဲဒါကြောင့် ကျမတို့ပါတီအတွက် ဆုံးရှုံးခြင်း၊ ရခိုင်ပြည်အတွက် ဆုံးရှုံးခြင်း မဟုတ်ဘဲ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆုံးရှုံးခြင်းလည်း ဖြစ်တယ်လို့ ပြောတယ်။ ဆက်လက်ပြီးတော့ သွေးထွက်သံယိုမှုတွေ မကြားချင်တော့ဘူး။ ကျမတို့ဟာ ရပ်သင့်တာတွေ ရပ်သင့်ကြပြီ။ အမျိုးသားအပေါ်မှာ ချစ်ချစ်ခင်ခင်နဲ့သွားဖို့ ကျမ အကြိမ်ကြိမ် ပြောဖူးတယ်။ ကျမတို့ အိုလာကြပြီ။ ကျမတို့ နောက်ကလာတဲ့ လူငယ်လေးတွေဟာ ကျမတို့ ရခိုင်ပြည်အတွက်၊ ရခိုင်လူမျိုးအတွက် အလုပ်လုပ်မယ့် သားသမီးတွေအဖြစ်ပဲ ကျမ ကြည့်ချင်တယ်။ သားသမီးတွေအရွယ်လို့ပဲ ကျမ ခံစားတယ်။ ကျမတို့က နိုင်ငံရေးအပြောင်းအလဲ တခုခုကို သွားရင်တောင်မှ စိတ်ချရတဲ့လူတွေရှိခဲ့တယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ပဲ ကျမတို့ကအနာဂတ်မှာ အဖွဲ့အစည်းမတူလို့ ပခုံးလွှဲတယ်လို့ မပြောရပေမဲ့ ရခိုင်ပြည်အတွက် စိတ်ချရတဲ့လူငယ်တွေ နောက်မှာရှိတယ်ဆိုတဲ့ ခံစားချက်မျိုးကိုပဲကျမလိုချင်တယ်။ အခုကတော့ ကျမ အရမ်းစိတ်မကောင်းဘူး။”  

မေး - စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ တည်ငြိမ်မှုမရှိအောင် အချင်းချင်း သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်မျိုးတွေ သာဓကဖြစ်စဉ်တွေ ရှိခဲ့တယ်။ ပါတီတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာလည်း ဒီလိုမျိုး ဘက်မညီတဲ့ ကစားကွက် ပုံစံမျိုးတွေ မြင်ခဲ့၊ ကြားခဲ့ရတာမျိုးတွေ ရှိတယ်။ တချို့ကလည်း သုံးသပ်ကြတာက ဒါက စစ်တပ်က လုပ်ကြံပြီးတော့ ရခိုင်ပြည်နယ်အတွင်းက အဖွဲ့အစည်းတွေကြားမှာ သပ်လျှိုသွေးခွဲတဲ့လုပ်ရပ်လို့ ပြောတာမျိုးတွေ ရှိနေတော့ ဘယ်လိုမြင်လဲ။

ဖြေ - “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးလို့ ကျမ သုံးသပ်တယ်။ ကျမတို့အပေါ်မှာ ဘာမှ သွေးခွဲတဲ့စကားတွေ ပြောတာ မရှိဘူး။ ကျမတို့ကရော သွေးကွဲစရာလား။ သူများ သွေးခွဲလို့ ကွဲစရာမှမရှိတာ။ နိုင်ငံရေး ဆိုတာ ကိုယ့်ကိစ္စနဲ့ကိုယ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သွားတာ ဖြစ်တယ်။ အဲဒါကြောင့် သွေးကွဲစရာလည်း မရှိဘူး။ ခွဲလည်း မခွဲပါဘူး။ ကျမတို့ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုရင် ဆွေးနွေးတယ်။ ဒါပဲ ရှိတယ်။ တခုရှိတာက အစိုးရဘက်က သူတို့တွေက အမြင်နှစ်မျိုး ရှိနိုင်တယ်။ တိုက်ပွဲကိစ္စကို တိုက်ပွဲနဲ့ အဆုံးမသတ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားချင်လို့ ကျမတို့နဲ့ ပြောသလို တခြားအဖွဲ့အစည်းတွေနဲ့ ပြောတာလည်း ရှိနိုင်တယ်။ အခုလည်း လုပ်နေတာပဲ။ အဲဒါကို ပြည်သူတွေကလည်း အမျိုးမျိုး ပြောကြတာတွေ ရှိတယ်။ ဒီအစိုးရက မီးစတဖက်၊ ရေမှုတ် တဖက် အလုပ်လုပ်တယ်ဆိုပြီး တောက်လျှောက်ပြောနေကြသံတွေ ကျမတို့ ကြားတယ်။ ဒါပေမဲ့ ကျမတို့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ပြည်သူ ပြောတာကိုပဲ ကျမ ပြောတာ။ ကျမတို့ကို သပ်လျှိုတယ်၊ သွေးခွဲတယ်ဆိုတာ တခါမှ မလုပ်ဖူးဘူး။ ကျမတို့ကလည်း သူများလုပ်လို့လည်း မကွဲဘူး။ ကျမ ခံစားတဲ့အတိုင်းဆိုရင် ကွဲစရာအကြောင်းကို မရှိဘူး။”

“အဲဒါကြောင့် ကျမ ပြောချင်တာက တိုင်းပြည်အတွက် အလုပ်လုပ်ကြသူတွေ အချင်းချင်းကြားမှာ တယောက်နဲ့တယောက် သွေးထွက်သံယိုမှုတွေ မလုပ်အပ်တဲ့အလုပ်တွေကို ကျမတို့ မလုပ်သင့်ဘူး။ ကျမတို့က နောင်အနာဂတ်မှာ တပ်တတပ်ကို ကောင်းကောင်းမွန်မွန် လုပ်တဲ့သူ ဖြစ်ခဲ့ချင်တယ်။ အခွင့်အရေးတွေလည်း အများကြီး ပါတီမှာ တောင်းခဲ့တယ်။ မရခဲ့ဘူး။ ကျမ ပါတီမှာ တာဝန်ရလာတဲ့အခါမှာ အခက်အခဲ အများဆုံးရှိနေတဲ့ အချိန် ဖြစ်တယ်။ အဲဒီလိုအခြေအနေမှာ ကျမက သစ္စာရှိရှိ ဒီပါတီကနေ ဘယ်မှ သွားလို့မရဘူး။ ဒီပါတီအတွက် ဘယ်လိုပဲ အခက်အခဲရှိရှိ ရှိရမယ်ဆိုပြီး ကျမ ကြိုးပမ်းနေတဲ့သူတယောက်ဖြစ်တယ်။ နောင်အနာဂတ်မှာ မျိုးဆက်သစ်တွေ ပေါ်လာရင် ကျမတို့ တိုင်းပြည်အတွက် ပေါ်လာတာပဲ။ နောင်က လာတဲ့သားသမီးတွေဟာ ကျမတို့ သားသမီးတွေပဲ။ ဥက္ကဋ္ဌ ခိုင်မိုးလင်းက မြန်မာ့နိုင်ငံရေး အပြောင်းအလဲထဲမှာ အမျိုးသားတွေ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့၊ လမ်းပြခဲ့တဲ့ ALP က ဘယ်လောက်ပဲ အင်အားငယ်ငယ်၊ သမိုင်းအရဆိုရင် လမ်းပြခဲ့တဲ့အဖွဲ့အစည်းတခုဆိုရင် မမှားဘူး။ သမိုင်းရှိတဲ့ ပါတီဖြစ်တယ်။ ဒါကို အကုန်လုံး ကျမတို့ကို ပျက်စီးအောင် မလုပ်သင့်ဘူး။ ကျမတို့က အချင်းချင်း ချစ်ချစ်ခင်ခင်ပဲသွားဖို့လမ်းကို ရှာသင့်တယ်။ အဲဒီလိုပုံစံမျိုးပဲ ပြောချင်တယ်။ အခုကတော့ အများကြီး စိတ်မကောင်းစရာတွေနဲ့ ကြုံခဲ့ပါပြီ။”  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up