တောင်ကိုရီးယား ဆမ်ဆောင်းကုမ္ပဏီ အမြတ်ငွေကျဆင်း

တောင်ကိုရီးယားနိုင်ငံက ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီရဲ့ ဒီဇင်ဘာလ သုံးလပတ်အတွင်း လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း ၆၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ဖွယ်ရှိတယ်လို့ ဒီဇင်ဘာ ၆ ရက်မှာ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။
ကမ္ဘာ့စီးပွားရေးကျဆင်းပြီး အီလက်ထရောနစ်ပစ္စည်းတွေ အပါအဝင် မန်မိုရီ ချပ်စ်ပြားတွေအပေါ် ဝယ်လိုအား လျော့နည်းလာတာကြောင့်အခုလို အမြတ်ကျဆင်းသွားတာဖြစ်ပြီး ဒါဟာ ၈ နှစ်တာအတွင်း အမြတ်အစွန်း နိမ့်ကျသွားတာဖြစ်ပါတယ်။
ကမ္ဘာ့အကြီးမားဆုံး မန်မိုရီချစ်ပ်ပြား ထုတ်လုပ်သူ ဖြစ်သလို စမတ်ဖုန်းနဲ့ တီဗီတွေပါ ထုတ်လုပ်တဲ့ ဆမ်ဆောင်းကုမ္ပဏီဟာ မန်မိုရီချစ်ပ် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ပစ္စည်းတင်သွင်းသူတွေအတွက် ပစ္စည်းသိုလှောင်ရမှု ပိုမိုများပြားလာတာကြောင့် မန်မိုရီချစ်ပ် ဈေးနှုန်းလည်း ကျဆင်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကာလရှည်ကြာ မက်ခရိုစီးပွားရေး ပြဿနာတွေကြောင့် စမတ်ဖုန်းရောင်းအားနဲ့ ဝင်ငွေတွေပါ ကျဆင်းလာပြီး ဆမ်ဆောင်းရဲ့ မိုဘိုင်းလ်ဖုန်းစီးပွားရေးမှာလည်း စတုတ္ထသုံးလပတ်အတွင်း အမြတ်ငွေရရှိမှု ကျဆင်းခဲ့တယ်လို့ ဖြည့်စွက်ပြောပါတယ်။
ဈေးကွက်တန်ဖိုးအရ အာရှတိုက်မှာ စတုတ္ထအကြီးမားဆုံးကုမ္ပဏီတခုဖြစ်တဲ့ ဆမ်ဆောင်းဟာ ဒီလနှောင်းပိုင်းထဲမှာ ဝင်ငွေရရှိမှု အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ဖို့ စီစဉ်ထားတယ်ဆိုပြီး သိရပါတယ်။
ပြီးခဲ့နှစ်ကတည်းက စတင်ခဲ့တဲ့ လက်ရှိ မန်မိုရီချစ်ပ်ကျဆင်းမှု သံသရာဟာ အခုသုံးလပတ် ကာလမှာလည်း ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ လေ့လာသူတွေက မျှော်မှန်းထားပါတယ်။