မက္ကဆီကိုတွင် ထောင်ဖောက်ပြေးသည့် နာမည်ကျော်ဂိုဏ်းခေါင်းဆောင် ပစ်သတ်ခံရ

မက္ကဆီကိုရဲ့ ဟွာရက်ဇ်အကျဉ်းထောင်ကနေ နှစ်သစ်ကူးညမှာ ထောင်ဖောက်ပြေးခဲ့တဲ့ နာမည်ကျော် ဂိုဏ်းခေါင်းဆောင် အယ်လ်နီးတိုဟာ ဇန်နဝါရီ ၅ ရက်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အယ်လ်နီးတိုကို အမေရိကန်နယ်စပ်ရှိ ဆီအူဒက်ဒ် ဟွာရက်ဇ်မြို့မှာ ထောက်လှမ်းရေး တပ်ဖွဲ့တွေက ခြေရာခံမိခဲ့တာဖြစ်ပြီး နယ်စပ်မှာလိုက်ရှာကာ ပစ်သတ်လိုက်တယ်လို့ အရာရှိတွေက ပြောပါတယ်။
အယ်လ်နီးတိုရဲ့ကားဟာ ဓာတ်ဆီဆိုင်ကို တိုက်မိပြီးတော့ ကားပေါ်ကနေ ဆင်းလာပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေဆီကို စတင်ပစ်ခတ်ခဲ့တာလို့ ချီဝါးဝါးပြည်နယ် အစိုးရရှေ့နေ ရောဘတ်တို ဟာဗီယာ ဖှီရဲရိုက ပြောပါတယ်။
အယ်လ်နီးတို ဒဏ်ရာရသွားပြီး နိုင်ငံတော်ရှေ့နေချုပ်ရုံးကို သွားတဲ့လမ်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အယ်လ်နီးတို လွတ်မြောက်အောင် ရဲတပ်ဖွဲ့ကို အာရုံပြောင်းစေဖို့ စူပါမားကတ်တခုနဲ့ ကုန်စုံဆိုင်တဆိုင်ကို တိုက်ခိုက်ခံခဲ့ရသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
နှစ်သစ်ကူးနေ့ အစောပိုင်းက နယ်စပ်မြို့ ဆီအူဒက်ဒ် ဟွာရက်ဇ်ရှိ အကျဉ်းထောင်ကို ကျည်ကာယာဉ်တွေနဲ့ စီးနင်းတိုက်ခိုက်ပြီးနောက်မှာ လော့စ်မက္ကဆီကယ်လ်ဂိုဏ်းရဲ့ ထိပ်တန်းသေနတ်သမား အယ်လ်နီးတိုဟာ တခြားအကျဉ်းသား ၂၉ ဦးနဲ့အတူ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုအတွင်း အစောင့်တွေနဲ့ တခြားအကျဉ်းသားတွေ အပါအဝင် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်ဖမ်းခဲ့ရာမှာ တနင်္လာနေ့က ပြည်နယ်ထဲ ရှာဖွေမှုအတွင်း နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေ အပါအဝင် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ထောင်ဖောက်ခံရတဲ့ အကျဉ်းထောင်မှာ အမိန့်ပြန်ထုတ်ဖို့ ရောက်လာကြတဲ့ ဖက်ဒရယ်အာဏာပိုင်တွေဟာ အစိုးရပိုင် အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေက “VIP ဇုန်” ထူထောင်ထားတာကို တွေ့ရှိခဲ့ရကြောင်း ဆိုပါတယ်။
ချီဝါးဝါးပြည်နယ် အစိုးရရှေ့နေတွေကတော့ ဟွာရက်စ် အကျဉ်းထောင်အကြီးအကဲကို ထုတ်ပယ်ခဲ့ပြီး သူ့ကို တခြားသူတွေနဲ့အတူ စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။