ယူကရိန်းတွင် အကျဉ်းသားများ အသတ်ခံရမှု စုံစမ်းမည့် အချက်အလက်ရှာဖွေရေးမစ်ရှင် ကုလဖျက်သိမ်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ယူကရိန်း ရှေ့တန်းတပ်မြို့ အိုလန်နိဗ်ကာမှာ မနှစ် ဇူလိုင်လက မော်စကို ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်တွေ ချုပ်နှောင်ထားတဲ့ အကျဉ်းသားတွေ သတ်ဖြတ်ခံခဲ့ရမှုကို စုံစမ်းမယ့် အချက်အလက်ရှာဖွေရေး မစ်ရှင်ကို ဖျက်သိမ်းလိုက်ပြီလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဒူဂျာရစ်က ဇန်နဝါရီ ၅ ရက်မှာ အတည်ပြုပါတယ်။
အဲ့ဒီဒေသမှာ တပ်ဖြန့်ထားနိုင်ခြင်း မရှိတာကြောင့် ကုလသမဂ္ဂမစ်ရှင်ကို ဖျက်သိမ်းခဲ့ရတာလို့ သူကဆိုပါတယ်။
ဒီအမှုကို စုံစမ်းစစ်ဆေးပေးဖို့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက တောင်းဆိုခဲ့တာဖြစ်ပြီး မနှစ်က သြဂုတ်လမှာ ဂူတာရက်စ်ကိုယ်တိုင် ကြေညာခဲ့တာဖြစ်ပါတယ်။
ဩသဒေါက်စ် ခရစ္စမတ်ကာလအတွင်း ယူကရိန်းမှာ ဘယ်လိုအပစ်ခတ်ရပ်စဲမှုမှန်သမျှကိုမဆို ကြိုဆိုမှာဖြစ်ပြီး “ကုလသမဂ္ဂပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေအရ ဒီအပစ်အခတ်ရပ်စဲမှုဟာ မျှတတဲ့ ငြိမ်းချမ်းရေးကို အစားထိုးနိုင်မှာ မဟုတ်ဘူးဆိုတာလည်း သိပြီးသား” လို့ ဒူဂျာရစ်က ကြာသပတေးနေ့မှာ ဖြည့်စွက်ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ သြသဒေါက်စ် ခရစ္စမတ်ကာလအဖြစ် ၃၆ နာရီကြာ အပတ်အခတ်ရပ်စဲဖို့ မနေ့ကစကြေညာခဲ့တဲ့အပေါ် ယူကရိန်းနိုင်ငံဘက်က ယတိပြတ် ငြင်းပယ်ခဲ့ပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ပိုင်နက်နယ်မြေတွေကနေ ဒီကျူးကျော်စစ်တပ်တွေ ပြန်ရုပ်သိမ်းတဲ့အထိ ယူကရိန်းအနေနဲ့ အပစ်အခတ်ရပ်စဲမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။