close

လောင်းလုံးမြို့နယ်၌ ထန်းရည်ထွက်ဝယ်သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ ရဲကင်းစခန်းက စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၂ ဦး ဇန်နဝါရီ ၆ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က ထန်းရည်ထွက်ဝယ်စဥ် ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ခြေထောက် ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် သကျက်တောရဲကင်းစခန်းကနေ အင်အား ၁၅ ယောက်လောက် စစ်ကူရောက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်သွားချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက သကျက်တောကျေးရွာထဲရှိ ပြည်သူပိုင်နေအိမ် နှစ်လုံးနဲ့ ထန်းရည်ဆိုင်တဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သကျက်တောရွာခံတဦးက “အရင်ပစ်ခံရတာက နှစ်ယောက်ပဲ၊ စစ်သားလား ရဲလားတော့ မသိဘူး။ တယောက်က ထိပြီး လှုပ်တောင်မလှုပ်တော့ဘူး၊ အဲ တယောက်ကို ဆိုင်ကယ်နဲ့ သယ်သွားပြီးမှ အိမ်တွေကို မီးပြန်လာရှို့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် အနီးအနားက နေအိမ်တချို့ကိုလည်း ကျည်ဆန်ထိမှန်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိပါဘူး။

ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ သကျက်တောရဲကင်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီလောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up