တိုက်စစ်မှူးသစ်ဂတ်ပို၏ စိတ်ဓာတ်နှင့် ခြေစွမ်းကို နည်းပြကလော့ပ်ချီးကျူး

ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲဦးထွက် ကစားမယ့် လီဗာပူး တိုက်စစ်မှူးသစ်ဂတ်ပိုရဲ့စိတ်ဓာတ်နဲ့ ခြေစွမ်းကို နည်းပြ ကလော့ပ်ကချီးကျူးပါတယ်။
ဂတ်ပိုဟာ ဟော်လန်ကလပ်ပီအက်စ်ဗွီကနေ ပေါင် ၄၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာကစားမယ့် ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်က ပထမဦးဆုံးပွဲစဉ်ဖြစ်လာမှာပါ။
တိုက်စစ်မှူးသစ်ဂတ်ပိုအပေါ် ပထမဆုံးထင်မြင်ချက်က အလွန်ကောင်းမွန်ပြီး ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ သေချာပေါက်ပါဝင်လာမှာဖြစ်တယ်လို့ နည်းပြ ကလော့ပ်ကလည်းအတည်ပြုပါတယ်။
ဒါ့အပြင် လာမယ့်ရာသီမှာ လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အာမ မခံနိုင်တဲ့ အခုလိုအခြေအနေမှာ ဂတ်ပိုဟာ ရထားပေါ်ကို အရန်သင့် ခုန်တက်လိုက်ချင်သူမဟုတ်ဘဲ ရထားကို တွန်းပေးဖို့ ဆန္ဒရှိသူဖြစ်ကြောင်းလည်း နည်းပြကလော့ပ်က ချီးကျူးခဲ့ပါတယ်။