close

စစ်တပ်က လက်နက်ကြီး ပစ်ခတ်နေသဖြင့် ကျိုက်မရော ရွာ ၃ ရွာက ဒေသခံများ ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွတံတားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကစပြီး ချောင်းနှစ်ခွ၊ သရက်ကုန်းနဲ့ ရေပူကော့စပ်ကျေးရွာထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ကျိုက်မရောနဲ့ မုဒုံမြို့ပေါ်ကို အများဆုံး ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ဒေသခံတွေကတော့ ဖာသိမ်ဒေသဘက်ကို တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။

“အခုက ရွာတွေထဲမှာ လူမရှိတော့ဘူး၊ ခြောက်ကပ်နေတာပဲ၊ အားလုံးတိမ်းရှောင်နေကြတယ်၊ လက်နက်ကြီးကလည်း ညတိုင်းပစ်ခတ်နေတယ်၊ ရွာ ၃ ရွာကဆိုရင် အနည်ဆုံး ထွက်ပြေးနေတဲ့သူ ၁၀၀၀ ကျော်လောက် ရှိမယ်” လို့ ဒေသခံ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ချောင်းနှစ်ခွကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတဲ့ သရက်ကုန်းနဲ့ ရေပူကော့စပ်ကျေးရွာတွေဟာ ကရင်လူမျိုးအများစု နေထိုင်တဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွတံတားဂိတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့တုန်းက ကရင်အမျိူးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်က တပ်အင်အား ၅၀ ကျော်နဲ့ ပြန်လည် တပ်စွဲနေထိုင်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up