သြစတြေးလျ ရေဘေးဒုက္ခသည်များကို ထောက်ပံ့ရန်အသင့်ရှိဟု ဝန်ကြီးချုပ်ပြော

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနိစ်ဟာ စံချိန်တင်ရေလွှမ်းမိုးခဲ့တဲ့ သြစတြေးလျ အနောက်ပိုင်းက ဝေးလံခေါင်သီပြီး သီးခြားတည်ရှိနေတဲ့ ဒေသခံတွေအတွက် လိုအပ်တဲ့အကူအညီအားလုံးကို ထောက်ပံ့ပေးဖို့ အစိုးရအနေနဲ့အဆင့်သင့်ရှိကြောင်း ဇန်နဝါရီ ၇ ရက်က ပြောပါတယ်။
ဗြိတိန်နိုင်ငံထက် သုံးဆပိုမိုနီးပါး ပိုမိုကျယ်ဝန်းတဲ့ ကင်မ်ဘာလေဒေသမှာ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းဟောင်း အယ်လ်လီ ဝင်ရောက်မှုကြောင့် မိုးသည်းထန်းစွာရွာသွန်းမှုကနေ ရေကြီးမှု ကပ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒီရေကြီးမှုကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့နေရာတွေထဲက လူဦးရေ ၁၃၀၀ ၀န်းကျင်နေထိုင်တဲ့ ဖစ်ဇ်ရွိုင်းခရော့ဆင်း မြို့လေးကို လေကြောင်းကတဆင့် အကူအညီတွေပေးပို့ခဲ့ရပြီး ဒါဟာ ပြည်နယ်အတွက် စံချိန်တင်အဆိုးရွားဆုံးရေကြီးမှုတခု ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
အယ်လ်ဘနိစ်ရဲ့ လေဘာအစိုးရဟာ သြစတြေးလျအနောက်ပိုင်း ပြည်နယ်အစိုးရနဲ့အတူ ဒီကပ်ဘေးအတွက် အပြုသဘောနဲ့ လုပ်ကိုင်ပေးနေတယ်လို့ ဝန်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။
ဒီထဲမှာ လူနေနည်းပါးတဲ့ဒေသက အပန်းဖြေမြို့တခုဖြစ်တဲ့ ဘရွန်မ်းမြို့လည်း အပါ အဝင် ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် မိုးရွာသွန်းမှုများပြားစေတဲ့ လာနီညာရာသီဥတုအခြေအနေ နှစ်အတန်ကြာ ဖြစ်ပွားနေတာကြောင့် သြစတြေးလျအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့၂နှစ်အတွင်း မကြာခဏရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာလည်း ဒီအရေးပေါ်အခြေအနေတွေ ပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။ တချို့ဒေသတွေမှာဆိုရင် အဓိကရေကြီးမှု ကပ်ဘေးကို ပြီးခဲ့တဲ့နှစ်ကစလို့ ၄ ကြိမ်တိုင် ရင်ဆိုင်ခဲ့ရပါတယ်။