close

နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပြီး နိုင်ငံရေးတွင် လွတ်လပ်စွာပါဝင်ခွင့်ပြုရန် ကုလတောင်းဆို

မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက  စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေကို ဖမ်းချုပ်ထားခြင်းမပြုဘဲ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးမှသာ မြန်မာ့ပဋိပက္ခပြေလည်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့လည်း ဇန်နဝါရီ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ ပြဿနာတွေပြီးဆုံးဖို့အတွက် လူတွေကို ဖမ်းချုပ်ထားလို့မရဘူး။ သူတို့ကို လွတ်လွတ်လပ်လပ်နဲ့ ထိထိရောက်ရောက်ပြည့်ပြည့်ဝဝ နိုင်ငံရေးလောကထဲ ပါဝင်ဆောင်ရွက်ခွင့်ပေးမှရမှာ”လို့ ကုသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂျရမီလော့ရန့်စ်ကပြောပါတယ်။ 

၇၅ နှစ်မြောက် စိန်ရတု မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်က  အကျဉ်းသား ၇၀၁၂ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြန်လွတ်လာသူတွေအထဲမှာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့လို့ ဖြိုခွင်း ဖမ်းဆီးခံခဲ့ရသူတွေ ပါမပါကိုတော့ ဖော်ပြခဲ့ခြင်းမရှိပေမဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ လောက် ပါဝင်ခဲ့ကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရစ်မြစ်တွေဆီကတဆင့် သတိရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ပြောပါတယ်။ 

အဲဒီအရေအတွက်ထဲက ၁၉၅ ဦးကိုတော့ အတည်ပြုပြီးဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျရမီလောရန့်စ်က ပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ရတာဟာ ကာယကံရှင်တွေအတွက်သာမကဘဲ မိသားစုတွေအတွက်ပါ စိတ်သက်သာရာရစေတယ်လို့လည်း မစ္စတာလောရန့်စ်ကက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

တဆက်တည်းမှာပဲ မစ္စတာလော့ရန့်စ်က “အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့နေ့ တစ်ရက်တည်းမှာကိုပဲ နောက်ထပ် ၂၂ ယောက်က အဖမ်းခံရတယ်။ ဆိုတော့ အခြေအနေက ပြောင်းလဲမှုတော့ မရှိသေးဘူး”လို့ ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့သူတွေ အမြောက်အမြောက်ဟာလည်း ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းခံနေရဆဲဖြစ်ပြီး ဒီလိုဖမ်းဆီးနှိပ်စက်မှုတွေဟာ စစ်အာဏာရှင်တွေကို ဆန့်ကျင်သူတွေကို အသံတိတ်သွားအောင်တင်မဟုတ်ဘဲ ပြည်သူတွေကြားအကြောက်တရားကိုပါ သွပ်သွင်းဖို့ရည်ရွယ်တာဖြစ်တယ်လို့ မစ္စတာလော့ရန့်စ်က ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ ၁၇၀၀၀ နီးပါးရှိခဲ့ပြီး ၁၃၀၀၀ ကျော်ဟာ ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လကာတာ့ခ်က  မြန်မာနိုင်ငံရဲ့ အခြေအနေဆိုင်ရာ အစီရင်ခံစာတစ်စောင် ပြင်ဆင်နေပါတယ်။ 

လွတ်လပ်ရေးနေ့က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ လောက်ထဲမှာ  ၂၂၃ ဦးကိုတော့ အတည်ပြုပြီးဖြစ်ကြောင်းနဲ့ ဆက်လက်အတည်ပြုနိုင်ဖို့  ဆောင်ရွက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ စာရေးဆရာမ သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦး၊ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာအာကာမိုးသူ၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို၊ သတင်းထောက်တချို့နဲ့ ဗကသ ကျောင်းသားတချို့ပါဝင်လာပါတယ်။ 

Ref- AFP

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up