close

မုံရွာမြို့ရှိ စစ်ကောင်စီဒေါက်တိုင် ကေတီဗွီကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့လက်ခံထားတဲ့ စစ်ကောင်စီဒေါက်တိုင် Super One KTV ဆိုင်ကို မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့တွေက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ Black Rangers Force (BRF) အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မုံရွာသံမဏိပြောက်ကျားတပ်ဖွဲ့အမေ့သား ဦးဆောင်ပြီး Black Rangers Force တို့က ဇန်နဝါရီ ၇ ရက်မှာ အဲဒီဆိုင်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ချိန်မှာ လက်ပစ်ဗုံးတွေနဲ့ ဝင်ရောက်ပစ်ခတ်သတိပေးခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါဆိုင်ကို အရင်ကလည်း အကြိမ်ကြိမ် သတိပေးတဲ့အနေနဲ့ အသေးစားပစ်ခတ်မှု ပြုလုပ်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့လက်ခံတာတွေကို ရပ်တန့်ပြီး ဆိုင်ကို အချိန်အကန့်အသတ် တခုထိ ပိတ်ပေးဖို့လည်း Black Rangers Force (BRF) အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ 

ဒါ့အပြင် ဆိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ မိန်းကလေးတချို့ရဲ့ နောက်ကြောင်းနဲ့ ပုံတွေကိုလည်း သိထားတာမို့ မလိုက်နာပါက အဆိုပါ မိန်းကလေးတွေရော ဆိုင်ရှိ တခြားဝန်ထမ်းတွေ အားလုံးရဲ့ အသက်ကိုပါ အာမမခံနိုင်ကြောင်းနဲ့ ဆိုင်ကိုပါ ထပ်မံဖောက်ခွဲ ဖျက်ဆီးမယ်လို့လည်း သတိပေးထားပါတယ်။ 

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up