close

ရေးမြို့နယ်တွင် အမျိုးသား ၃ ဦးကို စစ်တပ်က ဖမ်းဆီး၊ သံလွင်တံတား သွားလာခွင့်ကန့်သတ်

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာမှာ စျေးလာဝယ်တဲ့ အမျိုးသား ၃ ယောက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီလောက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ၃ ယောက်ထဲမှ တယောက်ဟာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်ရဲ့ ဆွေမျိုးတော်စပ်တဲ့အပြင် ဖုန်းထဲမှ လက်နက်ကိုင်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေ တွေ့ရလို့ဆိုပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။

ဖမ်းခံထိတဲ့ အမျိုးသား ၃ ယောက်လုံးဟာ လူလတ်ပိုင်းအရွယ်ဖြစ်ကာ ကရင်ကျေးရွာတွေ ဘက်ကဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ကျောင်းရွာအခြေစိုက် ခလရ ၅၉၁  ကျောင်းကြိုပို့ကားကို ရေးဘီးလူးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက်  လုံခြုံရေး ပိုမိုတင်းကျပ်ထားတာပါ။

ရေးဘီးလူးအဖွဲ့ဟာ ဇန်နဝါရီ ၇ ရက် မနက်ကလည်း  ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက နိုင်ငံတော်အလံကို ဖြုတ်ချလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ရေးမြို့ကနေဆို ၂ မိုင်လောက်အကွာအဝေးပဲ ရှိပါတယ်။ စစ်ကောင်စီတပ်နဲ့ ပါဝင်ပူးပေါင်းနေတဲ့ သူတွေကိုပါ ထပ်မံသတိပေးပြီး နယ်မြေစိုးမိုးမှုကို ပြသချင်လို့ လုပ်တာ။” 

ပြီးခဲ့တဲ့ရက်ကလည်း ကျုံလောင်းရွာဟောင်းနားက  မိုင်တဲလ်တာဝါတိုင်ကို ဖျက်ဆီးခဲ့ပြီး မိုင်တဲလ်တာဝါတိုင်ကို လာရောက်ရှင်းလင်းဖို့ လာတဲ့ စစ်တပ်ကို  ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ  ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျုံလောင်းရွာဟောင်းအပါဝင်အနီးနား ကကျေးရွာထဲက စစ်တပ်သတင်းပေး အနည်းဆုံး ၄ ယောက်လောက် လုပ်ကြံသတ်ဖြတ်ခံထားရပါတယ်။

ဒေသခံတွေရဲ့အဆိုအရ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ မကြာခဏ ဆိုသလိုဖြစ်ခဲ့ရာ အရင်ကလို ရွာတွေထဲမှာ လူအသွားအလာ သိပ်မရှိကြဘူးလို့ ဆိုပါတယ်။ 

ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့က သံလွင်တံတားကို စစ်ကောင်စီက ညပိုင်းသွားလာခွင့်ကန့်သတ်လိုက်ပါတယ်။

ဇန်နဝါရီက ၆ ရက်ကစပြီး သံလွင်တံတားကို လုံခြုံရေးအခြေအနေကြောင့် ည ၉ နာရီမှ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခွင့် မပေးတော့ဘဲ ပိတ်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်က ကားတွေဆို ညဘက်မှ ဖြတ်သန်းသွားလာရတော့ အခုကန့်သတ်ချက်တွေကြောင့် ခရီးသည်တွေလည်း အသွားလာ မရှိလာတဲ့အပြင် ယာဥ်လိုင်း တွေမှာ ပိုပြီးပြေးဆွဲရမှာ အခက်ခဲဖြစ်စေတယ်လို့ ယာဥ်မောင်းသမားတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်အချိန်တွေကလည်း လုံခြုံရေးအခြေအနေကြောင့် မွန်ပြည်နယ်ထဲက စစ်တောင်းတံတားနဲ့ သံလွင်တံတားတွေမှာ ညပိုင်း ကား ဖြတ်သန့်ခွင့် ကန့်သတ်ခဲ့ပြီး ညဘက်ထွက်တဲ့ ခရီးသည်တင်ကားတွေဟာ တံတားဖွင့်တဲ့အချိန်ထိ တံတားနဲ့နီးတဲ့ မြို့တွေနဲ့ တံတားတွေနားမှာ ခွင့်ပြုချိန်အထိ ခေတ္တရပ်စောင့်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up