close

သုံးခွမြို့နယ်၊ ကတုံးပေါ်ရဲစခန်းကို PDF ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးဒဏ်ရာရ

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကတုံးပေါ်နယ်မြေရဲစခန်းကို ဇန်နဝါရီ ၈ ရက် ဒီနေ့မနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေ ထိခိုက်သေဆုံးဒဏ်ရာရသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကတုံးပေါ်နယ်မြေရဲစခန်းကို ဒီနေ့ မနက်ပိုင်း ၄ နာရီကျော်လောက်က  ပြည်သူ့ ကာကွယ်ရေးတပ်တွေက လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက် လေးနာရီကျော်လောက်ကြီး သေနတ်သံတွေကြားရတယ်။ တော်တော်ကြာတယ်။ ပြီးတော့ လူနာတင်ယာဥ်တွေရော မီးသတ်ကားတွေရော ရောက်လာတယ်။ သေတဲ့ရဲတွေလည်း အများကြီးပဲ"လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ကနဦးသတင်းအရ ရဲတပ်သားမင်းကျော်စိုးသေဆုံးပြီး ရဲတပ်သားသက်မင်းထွဋ်၊ ရဲတပ်သား ကျော်ကျော်နဲ့ ရဲမေသဇင်နွယ်တို့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပြီး သုံးခွမြို့နယ် ပြည်သူ့ဆေးရုံကို လူနာတင်ယာဥ်တွေနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ကနဦးသတင်းအရတော့ ရဲတစ်ဦးသေသွားတယ် ကျန်တဲ့ရဲသုံးဦးလည်း ဒဏ်ရာရတယ်။ အခြေအနေပြင်းထန်တယ်။ စိုးရိမ်ရတာထက်ပိုတယ်။”

ကတုံးပေါ်နယ်မြေရဲစခန်း ပစ်ခတ်မှုကို  ရန်ကုန် (ပကဖ) တောင်ပိုင်းခရိုင်ဇုံ(၂) Fire Dragon တပ်ခွဲက နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ်  တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ ကတုံးပေါ်နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ရောက်ရှိနေပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်ကလည်းကတုံးပေါ်နယ်မြေရဲစခန်းကို ခရမ်း PDF က တိုက်ခိုက်ခဲ့လို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up