close

ပုသိမ်ထောင်အတွင်း အကျဉ်းသားများ သေဆုံးဒဏ်ရာရခဲ့မှုနှင့်ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ရန်ကြိုးပမ်းမည်ဟု NUG ပြော

ပုသိမ်အကျဉ်းထောင်အတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့က စတင်ပြီး ပုသိမ်ထောင် အတွင်းမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကြောင့် မတရား ဖမ်းဆီး အကျဉ်းချခံနေရတဲ့ ပြည်သူတယောက် အသက်ဆုံးရှုံးခဲ့ရပြီး၊ အယောက် ၇၀ လောက် ဒဏ်ရာရရှိခဲ့ကာ၊ ၁ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဒီဖြစ်စဉ် အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ မတရား သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့တာတွေ အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာတော့ ပုသိမ်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းနဲ့ ရဲအင်အား အများအပြားက နိုင်ငံရေးအကျဉ်းသားတွေကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်သူ ဝင်းမင်းထက် (ခ) မဲကြီး သေဆုံးသွားကြောင်း ကြားသိရပြီး အဆိုပါသေဆုံးမှုကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ 

အကျဉ်းသား ၈ ယောက်ကတော့ ပုသိမ်ဆေးရုံအသစ်မှာ ဆေးကုသမှုခံနေရတယ်လို့ သိရပြီး သူတို့ဟာလည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၉ ဦး၊ ပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၁ ဦး  အချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကာ အကျဉ်းသား၊ အချုပ်သား ၆၃ ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

အကျဉ်းသားတယောက်ထံကနေ  ကီးပတ်ဖုန်း တလုံးကို ရှာဖွေသိမ်းဆည်းရမိခဲ့လို့ လိုအပ်သလို အရေးယူဖို့လုပ်ဆောင်ရာမှာ အကျဉ်းသားတွေက ထောင်ဝင်းတံခါးတွေ၊ CCTVတွေ၊ အိပ်ဆောင်ကွပ်ပျစ်တွေကို ရိုက်ချိုးဖျက်ဆီးပြီး ထောင်ဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်မူတိုက်ခိုက်လာလို့ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်နဲ့ ခြောက်လှန့် ပစ်ခတ်ပြီး ဒုတ်/ဒိုင်းတွေ အသုံးပြုနှိမ်နင်းခဲ့တာလို့လည်း စစ်ကောင်စီကထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up