close

ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ဦးပါသည့် စက်လှေ အင်ဒိုနီးရှားသို့ ဆိုက်ရောက်

ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ဦးပါတဲ့ လှေတစင်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းဆီ ဇန်နဝါရီ ၈ ရက်က ဆိုက်ရောက်လာခဲ့တယ်လို့ ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ်အေဂျင်စီ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ အခြေအနေ ဆိုးဆိုးရွားရွားနဲ့ ထွက်ပြေးလာခဲ့ကြသူ ရာနဲ့ချီပြီး အင်ဒိုနီးရှားကို ရောက်ရှိလာခဲ့တာပါ။

တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီခွဲလောက်က ရောက်လာသူတွေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလို့ အာချေးဘေဇာ သဘာဝဘေးအန္တရာယ်အေဂျင်စီ အကြီးအကဲ ရိဒ်ဝမ် ဂျမေးလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒီဇင်ဘာလနှောင်းပိုင်းမှာ လူ ၁၇၄ ဦး တင်ဆောင်လာတဲ့ လှေတစီး အပါအဝင် ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာချေးကို ရောက်လာခဲ့တာပါ။

အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကို အာချေးမှာ ရှိပြီးသားဒုက္ခသည်စခန်းဆီ ပြောင်းရွှေ့သွားမယ်လို့ အာချေးခရိုင်ရဲချုပ် ဖှာမီ အီရာဝမ် ရမ်လီက သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၂ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ဆယ်စုနှစ်တခုနီးပါးအတွင်း ပင်လယ်ပြင်မှာ သေဆုံးမှုအများဆုံး နှစ်တွေထဲက တနှစ်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က  ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up