close

ရွေးကောက်ပွဲအတွက် တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်ရန် NUG တိုက်တွန်း

ပြည်သူတွေအနေနဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက်အထိ အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စုရဲ့ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်ပြီးတော့  မပူးပေါင်းကြဖို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က  မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာတွေ မလုပ်ကြဖို့ ခုလိုကြေညာလိုက်တာဖြစ်ပြီး တချို့နေရာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကတည်းက စစ်ကောင်စီ လက်ကိုင်တုတ်တွေ ဖြစ်ကြတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ လဝကအဖွဲ့တွေက လူဦးရေနဲ့ သန်းခေါင်စာရင်းတွေကို အတင်းအကျပ်ကောက်ခံနေပြီလို့ ဆိုပါတယ်။

NUG အစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ တအိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြတဲ့ အဆိုပါ အကြမ်းဖက်,ဖက်စစ်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့၊ လဝကအဖွဲ့တွေနဲ့ တခြားဘယ်လိုဒေါက်တိုင်မဆို  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီးနောက် မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစနစ် အဆုံးသတ်သွားခဲ့ပြီး မြန်မာနိုင်ငံအနှံ့ အပြားမှာ  သန်းနဲ့ချီတဲ့ ပြည်သူတွေက  စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာမှာ စစ် တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် နိမ်နင်းခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေက ခုတခါ အကြမ်းဖက်စစ်အုပ်စုက တဖက်သတ်ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကိုလည်း ပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်တွန်းထားပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူဦရေးစာရင်းကောက်ယူမှုနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့နဲ့ ခြိမ်းခြောက်မှုတွေရှိပါက သတင်းပေးပို့ တိုင်ကြားဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတဝန်းက လူဦးရေစာရင်းတွေကို eID ကွန်ပျူတာဒေတာစနစ်နဲ့ ကောက်ယူနေသလို တဖက်မှာလည်း မမှန်ဝါဒဖြန့်ရုပ်သံသတင်းမီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံ ကြားတို့ကတစ်ဆင့် (E-voting) အီလက်ထရွန်နစ်နည်းနဲ့ မဲပေးတဲ့စနစ်ကို ပြည်သူလူထုသိအောင် ထုတ်လွှင့်ရှင်းလင်းနေတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up