close

မြိတ်မြို့တွင် ဓာတ်ဆီဈေးနှုန်းမြင့်တက်သဖြင့် ဆိုင်ကယ်တက္ကစီသမားများ အခက်တွေ့

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဆိုင်ကယ်တက္ကစီသမားတွေ အရင်ကထက် စားဝတ်နေရေး ပိုမိုခက်ခဲပင်ပန်းလာကြတယ်လို့ မြို့ခံ ဆိုင်ကယ်တက္ကစီမောင်းသူတွေက ပြောပါတယ်။

ဓာတ်ဆီဈေးနှုန်း မြင့်မားလာတာကြောင့် ဆိုင်ကယ်တက္ကစီသမားတွေ အခက်အခဲရှိနေသလို မြို့ထဲလမ်းတွေမှာလည်း ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်တွေကို မကြာခဏ ဖမ်းဆီးပြီး ဒဏ်ရိုက်နေတာကြောင့် ဆိုင်ကယ်တက္ကစီးသမားတွေ ပိုမိုခက်ခဲကျပ်တည်းလာနေတယ်လို့ ဆိုပါတယ်။ 

မြိတ်မြို့ ဆိုင်ကယ်တက္ကစီမောင်းသူတဦးက “ဓာတ်ဆီဈေးတွေက မတည်ငြိမ်ဘူး၊ ရက်ပိုင်းအတွင်းမှာကို မြင့်လိုက် ကျလိုက် ဖြစ်တာ၊ အရင်က ခရီးတခေါက်နှစ်ခေါက်လောက် တက္ကစီဆွဲရင် အမြတ်ငွေကျန်တယ်။ ခုက ဓာတ်ဆီဈေးတက်တော့ အရင်လို အမြတ်ငွေသိပ်မကျန်တော့ဘူး။ ဒီကြားထဲမှာ ဆိုင်ကယ်ဖမ်းမိရင် ဒဏ်ကြေးက ‌၃ဝ,ဝဝဝ လောက်ပေး‌ရတော့ ပိုပြီးခက်ခဲလာတာပေါ့။”

မြိတ်မြို့မှာ ဓာတ်ဆီဈေးနှုန်းတွေ တလနဲ့တလ ဈေးနှုန်းပြောင်းလဲမှုတွေရှိနေပြီး အရင်လက တလီတာကို ၂,၅ဝဝ ကျပ်ထိ မြင့်တက်သွားကာ အခုလမှာ တလီတာကို ၂,၂၅ဝ ကျပ်ကို လျော့ကျသွားပေမဲ့ မကြာမီ ဓာတ်ဆီဈေးနှုန်းတွေ ပြန်မြင့်တက်လာမှာကို စိုးရိမ်ပူပန်နေရတယ်လို့ ဆိုင်ကယ်တက္ကစီသမားတဦးက ဆိုပါတယ်။

စစ်အာဏာမသိမ်းခင်က မြိတ်မြို့မှာ ဓာတ်ဆီဈေးနှုန်း တလီတာ ၁,ဝဝဝ ကျပ်သာရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်ဆီဈေးနှုန်း တလီတာ ၂,ဝဝဝ ကျပ်အထိ ထိုးတက်သွားပြီး ပြန်ကျတာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up