မလေးရှားဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့ မြို့တော်သစ်တည်ဆောက်ရေး ဆွေးနွေး

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်သစ်ဖြစ်သူ အန်ဝါ အီဘရာဟင်မ်ဟာ ပထမဆုံး နိုင်ငံတော်ခရီးစဉ် အဖြစ် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဇန်နဝါရီ ၉ ရက်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုအတွင်း အင်ဒိုနီးရှားနိုင်ငံက စီမံကိန်းချမှတ်ထားတဲ့ မြို့တော်သစ် နူဆန်တာရာနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ်တွေကို နှစ်ဖက် ဆွေးနွေးခဲ့ကြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ရွေးကောက်ခံခဲ့ရတဲ့ မလေးရှားဝန်ကြီးချုပ်သစ် အန်ဝါက အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံး အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေတာပါ။
ဘော်နီယိုကျွန်းက အင်ဒိုနီးရှားဘက်ခြမ်းမှာ တည်ဆောက်မယ့် ဒီမြို့တော်သစ်မှာ ဖြစ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် မလေးရှားကုမ္ပဏီတွေရဲ့ စိတ်ပါဝင်စားမှု စာ ၁၁ စောင်ကို ဝန်ကြီးချုပ်အသစ် အန်ဝါက လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဘော်နီယိုကျွန်းရဲ့ မလေးရှားဘက်ခြမ်းမှာလည်း ဆာဘာပြည်နယ်နဲ့ ဆရာဝါ့ခ်ပြည်နယ်တို့ တည်ရှိတာကြောင့် ဒီမြို့တော်သစ်ဟာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မယ်လို့ အန်ဝါက ပြောပါတယ်။
“ဒီမြို့တော်သစ် တည်ဆောက်မှုကနေ ဆာဘာနဲ့ ဆရာဝါ့ခ် အပါအဝင် ပိုမိုကျယ်ပြန်တဲ့ ဒေသမှာ ပိုမိုအကျိုးဖြစ်ထွန်းလာစေဖို့ ကျနော်တို့အနေနဲ့ မျှော်လင့်ထားပါတယ်။”
ဒီခေါင်းဆောင်းနှစ်ဦးက စားအုန်းဆီအပေါ် ခွဲခြားရှုမြင်မှုတွေကို တိုက်ဖျက်ပြီး စားအုန်းဆီ ထုတ်လုပ်တဲ့နိုင်ငံများ ကောင်စီကတဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်း ခိုင်မာအောင် လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း သဘောတူခဲ့ကြပါတယ်။