close

ထိုင်းတွင် ကျောင်းကြိုပို့ကားအပါအဝင် ၃ စီးတိုက်မိပြီး ကလေးငယ် ၂၀ ခန့်ဒဏ်ရာရ၊ ၂ ဦး သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖိကျစ်မြို့မှာ ဇန်နဝါရီ ၉ ရက် ညနေပိုင်းက ကျောင်းကြိုပို့ကား ၁ စီးနဲ့ အရပ်သားကား ၂ စီးတို့ ပြင်းထန်စွာတိုက်မိပြီး ကျောင်းကား မီးလောင်သွားသလို ကလေး ၁၉ ဦး ဒဏ်ရာရကာ ၂ ဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဖြူရောင်နစ်ဆန်မှန်လုံကျောင်းကား ၁ စီးဟာ စာသင်ကျောင်း ၃ ကျောင်းက မူလတန်းကလေးတွေကို သွားကြိုလာပြီး အိမ်ပြန်ပို့ဖို့ မောင်းနှင်လာစဉ် ဖိကျစ်မြို့ ပါမခပ်ရပ်ကွက်အနီး ဖိကျစ်-ဆတ်လိတ်သွား ကားလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တယ်လို့ ဖိကျစ်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကျောင်းကားက ပုံမှန်မောင်းလာစဉ် အနက်ရောင်တိုယိုတာ အိမ်စီးကားက ကျော်တက်ခဲ့ကြောင်း၊ ဒါပေမဲ့ ကျော်တက်တာမလွတ်ဘဲ ကျောင်းကားကို ဝင်တိုက်ပြီး ကျောင်းကားက လမ်းကြောင်းတဖက်ကို တိမ်းစောင်းသွားစဉ် အရှေ့ယာဉ်ကြောကနေ မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ ဟွန်ဒါမှန်လုံကား ၁ စီး က တည့်တည့်ဝင်တိုက်ပြီး ယာဉ် ၃ စီး တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူအများစုမှာ ကျောင်းကားထဲက ကလေးတွေဖြစ်ကြောင်း၊ ကျောင်းကားရဲ့ ဘက်ထရီအိုးပေါက်ကွဲပြီး မီးလောင်သွားလို့ ကားထဲပိတ်မိနေတဲ့ ကလေးတွေကို ခက်ခဲစွာ ကယ်ထုတ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ကနဦးမှာ ကျောင်းကားပေါ်က ကလေး ၁၉ ဦး ဒဏ်ရာရပြီး အဲဒီထဲက အသက် ၁၀ နှစ်အရွယ် ကျောင်းသားလေး ၂ ယောက် သေဆုံးသွားပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ ကလေး ၄ ဦးရှိပြီး ဒဏ်ရာရလူကြီး ၂ ဦး ရှိတယ်လို့ ဆိုပါတယ်။

ကျောင်းသားမိဘဆွေမျိုးတွေပါတဲ့ လူပေါင်း ၁၀၀ ကျော်လောက်ဟာ အခင်းဖြစ်တဲ့နေရာ အပြေးအလွှား ရောက်ရှိလာပြီး မိမိကလေးတွေကို စိုးရိမ်စွာ အော်ဟစ်ငိုယို ရှာဖွေနေကြပါတယ်။

သတင်းကြားကြားချင်း ဖိကျစ်ခရိုင်ဝန်က ကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးရုံတွေကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ညွှန်ကြားပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ အရေးယူဆောင်ရွက်ဖို့ ရဲစခန်းကို ညွှန်ကြားထားပါတယ်။

ဒီထိခိုက်မှုမှာ တာဝန်အရှိဆုံးဖြစ်သူ၊ ကျောင်းကားကို ကျော်တက်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် နန်းကေးဆွန်က သူ့ရဲ့အမှားကို ဝန်ချတောင်းပန်ပြီး ထိခိုက်နစ်နာမှုအားလုံးအတွက် တာဝန်ယူမယ့်အကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူအားလုံး အသက်ဘေးကနေ ကင်းလွတ်ပါစေလို့ ဆုတောင်းကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up