close

ကေအန်ပီပီ အတွင်းရေးမှူးဟောင်း ဦးရွှေမျိုးသန့် ကွယ်လွန်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ထမ်းဆောင်ခဲ့တဲ့  ဦးရွှေမျိုးသန့်ဟာ ဒီနေ့ ဇန်နဝါရီ ၁၀ ရက် နေ့ မွန်လွဲပိုင်းက ကွယ်လွန်သွားပါတယ်။

အသက် ၅၈ နှစ်အရွယ် ဦးရွှေမျိုးသန့်ဟာ ရန်ကုန်မြို့ လှည်းကူးမြို့ ဆေးရုံဝန်းအတွင်းမှာ ကွယ်လွန် သွားတာလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဦးရွှေမျိုးသန့်ဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်း ကေအန်ပီပီမှာ ကျောင်းဆရာအနေနဲ့ စတင်ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း လူငယ်တွေကို ဦးဆောင်ဦးရွက်ပြီးနောက် ဗဟိုကော်မတီအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒီနောက် အတွင်းရေးမှူးအနေနဲ့ စစ်အာဏာမသိမ်းခင်အထိ  ဆက်လက်တာဝန်းထမ်းဆောင်ခဲ့တာလို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“အဲဒီတုန်းကတော့ သူက ဒီမှာလာပြီးတော့မှ သူကျောင်းဆရာပဲ လုပ်ခဲ့တာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ အဖွဲ့ဝင်ထဲ ပါတဲ့ခုနှစ်တွေ သေချာပြန်ရှာရမယ်။ ပြောရမယ်ဆိုရင်တော့ သူက အရန်တုန်းက youth  (NY) forum မှာ သူလုပ်တာ။ လုပ်ပြီးတော့မှ ကျနော်တို့ထဲကို သူရောက်လာတာပေါ့။ ရောက်လာတော့ သူပထမဦးဆုံး အရန် ဗဟိုကော်မတီလုပ်တယ်။ အဲဒါ ၄ နှစ်ပေါ့။ နောက်ပြီးမှ ကျနော်အတွင်းရေးမှူးဖြစ်တဲ့အချိန်မှာ သူက အတွင်းရေးမှူး ၂ အနေနဲ့ သူလုပ်တယ်။ အဲဒါ  ၄ နှစ်ပေါ့နော်။ နောက်ပြီးတော့မှ ကျနော် နေမကောင်းဖြစ်တဲ့ အချိန်မှာ သူကတော့ ၄ နှစ်ပြည့်အောင်တော့ မလုပ်နိုင်တော့ဘူးပေါ့နော်။ ကျနော်တို့ ဒီ အာဏာမသိမ်းခင်က သူက နားလိုက်တာကိုး။ ၂၀၂၀ လောက်ကတည်းက နားလိုက်တာဆိုတော့ ကျနော်ထင်တာကတော့ ၁၀ နှစ် ကျော်လောက်တော့ ကျနော်တို့နဲ့ အလုပ်လုပ်သွားတယ်။”

ဒါ့အပြင် ဦးရွှေမျိုးသန့်ဟာ ကရင်နီပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့သူ တဦးဖြစ်သလို လူငယ်ရေးရာမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်သူဖြစ်တဲ့အတွက် ဆုံးရှုံးမှုဖြစ်သလို အကြွေစောလွန်းတယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့နဲ့ လက်တွဲပြီးမှ ၁၀ နှစ်ကျော်လောက် လုပ်ခဲ့တဲ့အပေါ်မှာလည်း ကျနော်တို့အနေနဲ့ အဖွဲ့အစည်းအနေနဲ့ မှတ်တမ်းတင်ထားပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒါက အချိန်စောလွန်းသေးတာပေါ့နော်။ ကွယ်လွန်သွားတာ ကျနော်တို့အတွက်၊ ပြည်နယ်အတွက် အားကိုးရတဲ့ ခေါင်းဆောင်တဦးဆုံးရှုံးသွားတယ်လို့ ကျနော်တို့ အဲလိုပဲ သတ်မှတ်ပါတယ်။”  

ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးရွှေမျိုးသန့်ဟာ နှလုံးရောဂါနဲ့ ဆေးကုသမှုခံယူနေတာ တနှစ်ကျော်ရှိသွားပြီဖြစ်ပြီး တခြားရောဂါအခံတွေလည်း ရှိနေသူ တဦးဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up