ထိုင်းနိုင်ငံတွင် ကောဇောထဲထည့်ပြီးသယ်လာသည့် စိတ်ကြွဆေးပြား ၅၁ ကီလိုဂရမ် သိမ်းဆည်းမိ

ဟောင်ကောင်ကိုပို့တဲ့ ချည်ကော်ဇောတွေအထဲမှာ မှောင်ခိုတင်သွင်းလာတဲ့ မက်သာဖက်တာမင်း စိတ်ကြွဆေးပြား ၅၁ ကီလိုဂရမ်ကို ဇန်နဝါရီ ၁၀ ရက်က သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအကောက်ခွန်က ပြောပါတယ်။
ကော်ဇောထဲကို လိပ်ထည့်ထားတဲ့ ပလတ်စတစ်အိတ်ထဲက မူးယစ်ဆေးဝါးတွေကို မီဒီယာတွေဆီ ပြသခဲ့ပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့တန်ဖိုးက ဟောင်ကောင် ဈေးကွက်မှာ ထိုင်းဘတ်ငွေ သန်း ၃၀ ကနေ ထိုင်းဘတ် သန်း ၃၀၀ အထိ ရှိနိုင်တယ်လို့ အကောက်ခွန်အရာရှိတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလကနေ အခုထိ ထိုင်းဘတ်ငွေ ၁၈၇ သန်းနဲ့ ညီမျှတဲ့ (ဒေါ်လာ ၅ ဒသမ ၅၈ သန်း) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ၄၈ မှု သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအကောက်ခွန်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ လက်ရှိဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။