မန်ယူတွင် ဆုဖလားရရန် အာမခံချက်မရှိသဖြင့် ထိပ်တန်းကစားသမားများမလာနိုင်ဟု ကန်တိုနာ သုံးသပ်

မန်ယူအသင်းမှာ ဆုဖလားရရှိဖို့ အာမခံချက်မရှိတာကြောင့် ထိပ်တန်းအဆင့်ကစားသမားတွေ မလာနိုင်ကြောင်း ကစားသမားဟောင်းအဲရစ်ကန်တိုနာက ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်ခေတ်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အရင်ကအခြေအနေနဲ့ ကွဲခြားသွားပြီဖြစ်ကြောင်း ကန်တိုနာကပြောပါတယ်။
“အကောင်းဆုံးကစားသမားဆိုတဲ့သူတွေဟာ ဆုဖလားတွေ ရယူနိုင်စွမ်းရှိတဲ့အသင်းမှာပဲ ကစားချင်ကြတာပါ။ မန်ယူနိုက်တက်အသင်းက အကောင်းဆုံးကစားသမားတွေကို ရွေးချယ်နိုင်စွမ်းရှိတဲ့ အခြေအနေမှာ မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကောင်းဆုံး ကစားသမားတွေက ယူနိုက်တက်အသင်းကို မလာချင်တော့တာကြောင့်ဖြစ်တယ်”လို့ အဲရစ်ကန်တိုနာကပြောပါတယ်။
မန်ယူအသင်းဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဟော်လန် တိုက်စစ်မှူးဂတ်ပို၊ ပေါ်တူဂီတိုက်စစ်မှူး ယာအိုဖိလစ်တို့ကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
အဲဒီနောက် ဘန်လေကနေ ဘက်ဆစ်တပ်အသင်းမှာအငှားထွက်ကစားနေတဲ့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို အငှားစာချုပ်နဲ့ပဲခေါ်ယူခဲ့တာဖြစ်ပါတယ်။