close

လွိုင်ကော်- ဖားဆောင်း လမ်းများအားလုံးပိတ်၊ အခြေခံစားကုန်များ ပြတ်လပ်ဈေးတက်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ကနေ ဖားဆောင်းမြို့နယ်ဘက် ဆက်သွယ်ထားတဲ့ လမ်းအားလုံးကို တော်လှန်ရေးအဖွဲ့အစည်းတွေက ရက်အကန့်အသတ်မရှိ  ပိတ်ထားလိုက်ပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းလောက်ကစပြီး လွိုင်ကော် - ဖားဆောင်းဘက်အသွားအလာတွေကို ပိတ်ထားခဲ့သလို ဇန်နဝါရီ ၁၂ ရက်ကစပြီးတော့လည်း လွိုင်ကော်ကနေ ဖရူဆိုမြို့၊ နန်းဖဲ-ဘောလခဲ- ထူးချောင်းလမ်းမကြီးကို  ခရီးသွားလာတာ ထပ်ပိတ်ထားလိုက်ပါတယ်။

ဇန်နဝါရီ ၁၂ ရက်ကစပြီး အခြေအနေပေါ်မူတည်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမှာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း- ၁၆ က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလဆန်းပိုင်း လမ်းမကြီးတွေကို ပိတ်ထားလိုက်လို့ ကုန်စည်းစီးဆင်းမှုတွေမရှိတော့ဘဲ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကိုသာ အားကိုးရောင်းချရတဲ့ ဖားဆောင်းနဲ့ မယ်စဲမြို့နယ်က ကုန်စုံဆိုင်တွေ အတော်များများ ပိတ်ထားခဲ့ရပါတယ်။

ဖားဆောင်းမြို့နယ်က ဆိုင်ရှင်တဦးက “ဘာပစ္စည်းမှမရှိတော့ဘူး။ ဖောက်သည်ကားတွေလည်း၊ ဈေးဆိုင်ကားတွေလည်းမလာတော့လို့ ဆိုင်ကို ပိတ်ထားလိုက်ရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နောက်ထပ်ဒေသခံ တဦးက  “သူတို့လမ်းမကြီးကိုပိတ်တာ တလနီးပါးရှိပြီ။ ဒါပေမဲ့ ဒေသခံ တချို့ကတော့ လမ်းကနေ သွားသေးတာ။ အဲဒါမနေ့ကစပြီး တောလမ်းကိုပါ ပိတ်လိုက်ပြီဆိုပြီး ထုတ်ပြန်တော့ အခြေခံစားကုန်ဈေးတွေ အကုန်တက်ကုန်တယ်။ ကြက်ဥတလုံး ၁၀၀၀ ပေးဝယ်တာတောင်မရှိတော့ဘူး။ အခုက အခြေခံစားကုန်အတွက် ထိုင်းနယ်စပ်ဘက်ကိုပဲ အားကိုးရတယ်” လို့ ပြောပါတယ်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှားတောမြို့နယ်တွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီဘက်ကလည်း နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးတာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် လေကြောင်းကနေလည်း နေ့စဉ် တိုက်လေယာဉ်တွေ ပျံဝဲနေတဲ့အတွက်  ဒေသခံစစ်ရှောင်ကလေးတွေအပါအဝင် ဒေသခံပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေကြကာ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up