close

အမေရိကန်နယ်စပ်တွင် စွန့်ပစ်ခံ ကလေး ၃ ဦးကို မက္ကဆီကို ကယ်ဆယ်

အမေရိကန်နဲ့မက္ကဆီကို နယ်စပ်ရှိ မြစ်မှာ စွန့်ပစ်ခံထားရတဲ့ကလေးငယ် ၃ ဦးကို မက္ကဆီကိုရဲ့ ရွှေ့ပြောင်းအခြေချ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၁၂ ရက်မှာ ကယ်ဆယ်ခဲ့ပါတယ်။ 

မက္ကဆီကို ရွှေ့ပြောင်းအခြေချ နေထိုင်သူများ သက်သာချောင်ချိရေး အေဂျင်စီ ဂရူပိုဘီတာအဖွဲ့ ဟာ ပီရပ်ဒရပ်စ် နေးဂရက်စ်မြို့ရှိ ရီယိုဘရာဗိုမြစ်ထဲက ကျွန်းငယ်လေးတခုမှာ သောင်တင်နေတဲ့ ဆဲလ်ဗေးဒိုယန် ညီအစ်မ ၃ ယောက်ကို ကယ်ဆယ်ခေါ်ယူလာခဲ့တာပါ။

ဒီကလေးငယ် ၃ ဦးဟာ အသက် ၉ နှစ်၊ ၆ နှစ်နဲ့ ၁ နှစ်အရွယ်သာ ရှိသေးပြီး သူတို့ကို မက္ကဆီကိုနိုင်ငံက မိသားစုတွေ ပေါင်းစည်းရေးဆိုင်ရာအဖွဲ့အစည်းတခုဖြစ်တဲ့ (DIF) အဖွဲ့အစည်းက လက်ရှိမှာ ထိန်းသိမ်းပေးထားကြောင်း အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်ထဲမှာ အတည်ပြုထားပါတယ်။ 

အမေရိကန်ဟာ တခြားလက်တင်အမေရိကနိုင်ငံတွေကနေ အမေရိကန်တောင်ပိုင်းနယ်စပ်ကို ရောက်ရှိလာသူတွေအတွက် နယ်စပ်ထိန်းချုပ်မှုတွေကို တင်းကျပ်ထားပါတယ်။ 

ဇန်နဝါရီ ၅ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဘက် နှစ်ဖက်မဟာဗျူဟာအသစ်ကို ကြေညာခဲ့ပါတယ်။

တဖက်က အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်က ကျူးဘား၊ ဟေတီနဲ့ နီကာရာဂွါနိုင်ငံက ရွှေ့ပြောင်း အခြေချသူတွေကို တားမြစ်ပိတ်ဆို့မယ့် အစီအမံဖြစ်ပြီး တဖက်မှာတော့  အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့အတွက် အကန့်အသတ်ရှိတဲ့ တရားဝင်လမ်းကြောင်းကို ဖွင့်ပေးထားပါတယ်။

ဒီဆောင်ရွက်ချက်ဟာ စံချိန်တင် နယ်စပ်ဖြတ်ကျော်မှုတွေကို လျှော့ချဖို့နဲ့ ရီပတ်ဘလီကန်တွေရဲ့ ဝေဖန်မှုတွေကနေ ဘိုင်ဒင်ကို အကာအကွယ်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီကြေညာချက်ဟာ ဘိုင်ဒင်ရဲ့ ခိုလှုံခွင့် ပြန်ရရေးဆိုတဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကနေ ရှောင်လွဲရာကျနေခဲ့တာပါ။ 

Title 42 လို့ သိထားတဲ့ ကန့်သတ်ချက်တွေအရ  နယ်စပ်မှာ ဖမ်းမိထားတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို အမေရိကန်နိုင်ငံအတွင်း ခိုလှုံခွင့် တောင်းဆိုခွင့်မရှိစေဘဲ မက္ကဆီကိုနိုင်ငံဆီ ချက်ချင်း နယ်နှင်ဒဏ်ပေးနိုင်ဖို့ အာဏာပိုင်တွေကို ခွင့်ပြုထားပါတယ်။ 

မက္ကဆီကိုနိုင်ငံကလည်း သူ့နိုင်ငံသားတွေနဲ့ ဗဟိုအမေရိကနိုင်ငံသားတချို့ကိုသာ ပြန်လက်ခံခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဗင်နီဇွဲလားနိုင်ငံသားတွေကို လက်ခံဖို့ သဘောတူညီခဲ့ပြီး လက်ရှိ အချိန်မှာတော့ နောက်ထပ်နိုင်ငံသားတွေကိုပါ ထပ်တိုးလက်ခံနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up