အာကာသစူးစမ်းလေ့လာရေး ဂျပန်နှင့်အမေရိကန် ပူးပေါင်းဆောင်ရွက်မည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာ ဟာယာရှီနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင့်ကန်တို့ဟာ အာကာသ စူးစမ်းလေ့လာရေးမှာ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက် ကို ဇန်နဝါရီ ၁၃ ရက်က ဝါရှင်တန်ဒီစီရှိ နာဆာ ရုံးချုပ်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါ့ရဲ့ ရှေ့မှောက်မှာပဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဂျပန်၀န်ကြီးချုပ် ဖူမီယို ခီရှီဒါ့ကတော့ ဂျပန်-အမေရိကန် အာကာသ ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီချက်ကို ဒီနေ့ လက်မှတ် ရေးထိုးရတာ တကယ်ကို ဝမ်းသာပါကြောင်း ပြောသွားပါတယ်။
ဒီမူဘောင် သဘောတူညီချက်အရ “အာကာသနည်းပညာနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သုတေသနပြုမှု၊ လမျက်နှာပြင်ကို စက်ရုပ်စေလွှတ်မှု မစ်ရှင်တွေ၊ ရာသီဥတုဆိုင်ရာမစ်ရှင်တွေ အပြင် လမျက်နှာပြင်ပေါ်မှာ ဂျပန်အာကာသယာဉ်မှူး တဦးကို တွေ့ရှိရဖို့နဲ့ ရည်မှန်းချက်တွေ မျှဝေထားတဲ့ တခြားနယ်ပယ်တွေမှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အမြင့်ဆုံး မြှင့်တင်ပေးမှာဖြစ်ကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကန်က ပြောဆိုပါတယ်။
နာဆာ အုပ်ချုပ်ရေးမှူး ဘီလ်နယ်လ်ဆင်က “ကျနော်တို့နိုင်ငံတွေဟာ အာကာသထဲကို အမှီအခိုကင်းကင်း လွှတ်တင်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေဖြစ်ပြီး စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အသင့်ပါပဲ” လို့ ပြောပါတယ်။
ဂျပန်နဲ့အမေရိကန် တို့ဟာ ပွင့်ပွင့်လင်းလင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ စူးစမ်းလေ့လာကြတော့မှာကို ထပ်လောင်း အတည်ပြုလိုက်ပြီ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာ ဟာယာရှီက “ဒီသဘောတူညီချက်ကို အခြေခံပြီး ဂျပန်-အမေရိကန် အာကာသ ပူးပေါင်းဆောင်ရွက်မှုဟာ နောက်ထပ် ပိုနက်ရှိုင်းဖို့နဲ့ လူသားအားလုံးရဲ့အနာဂတ်ကို အကျိုးရှိစေဖို့ လေးလေးနက်နက် မျှော်လင့်ကြောင်း” ပြောသွားပါတယ်။
နာဆာဟာ လကမ္ဘာဆီကို အာတီမစ္စ် မစ်ရှင်ရဲ့ တစိတ်တပိုင်းအဖြစ် ဂျပန်အာကာသယာဉ်မှူးတွေကို ထားရှိဖို့ စီစဉ်နေတာဖြစ်ပါတယ်။