ဂျာမနီတွင် ကျောက်မီးသွေးတွင်းတိုးချဲ့သည့်အပေါ် ကန့်ကွက်ဆန္ဒပြ

အနောက်ဂျာမနီမှာ ဖွင့်လှစ်ထားတဲ့ သက်တမ်းနုကျောက်မီးသွေး လစ်ဂနိုက် တူးဖော်ရေးမိုင်း တစ်ခုကို တိုးချဲ့နေတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ဇန်နဝါရီ ၁၄ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ဆွီဒင်ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရီတာ သန်းဘာ့ဂ် အပါအဝင် ဆန္ဒပြသူ ၆၀၀၀ လောက်ဟာ လူဝီ ဇီရတ်သ် ရွာဆီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေဟာ ဂျာမနီအနောက်ပိုင်းက နော့သ်ရိုင်း ဝက်စ်ဖှာလီယာ ပြည်နယ်ထဲမှာရှိတဲ့ အညိုရောင်-ကျောက်မီးသွေး ခရိုင်အတွင်းက ရွာကို သိမ်းပိုက်ခဲ့ တာပါ။
စွမ်းအင်ကုမ္ပဏီ RWE က ကျောက်မီးသွေးတွင်း တိုးချဲ့လုပ်ကိုင်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ ရက်တွေတုန်းက ရဲတပ်ဖွဲ့က ရွာကို ရွှေ့ပြောင်းပြီးနောက် ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
RWE ကုမ္ပဏီနဲ့ ဂျာမန်အစိုးရတို့ကြား ကြားဝင်စေ့စပ်ထားတဲ့ သဘောတူညီချက်အရ လူဝီဇီရတ် ရွာကို ဖျက်သိမ်းဖို့ သဘောတူထားပြီးသားပါ။
ရွာငါးရွာကို ဖျက်သိမ်းဖို့ အစောပိုင်းက သတ်မှတ်ထားရာကနေ နောက်ပိုင်းမှာတော့ RWE ကုမ္ပဏီကို ၂၀၃၀ ကနေ ၂၀၃၈ ထိ ကျောက်မီးသွေး ထုတ်နိုင်ဖို့နဲ့ လူဝီဇီရတ် ရွာ တရွာတည်းကိုသာ ဖျက်ဖို့ ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၄ ရက် ဆန္ဒပြပွဲအတွက် လူထောင်ချီ ရောက်လာပြီး ကျောက်မီးသွေးတွင်း ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။
ဥရောပရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံ ဂျာမနီမှာ ကျောက်မီးသွေးတွင်း တိုးချဲ့တာဟာ စွမ်းအင် အကျပ်အတည်းအတွင်း ရာသီဥတုဆိုင်ရာ မူဝါဒကို ချိုးဖောက်မှု သင်္ကေတအဖြစ် တက်ကြွ လှုပ်ရှားသူတွေက ရှုမြင်ကြပါတယ်။