close

မန့်ဝိန်း – ကျယ်ဂေါင် နယ်စပ်ဂိတ် ဖွင့်လိုက်သော်လည်း လုပ်ငန်းလည်ပတ်မှု မရှိသေး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ် မန့်ဝိန်းဂိတ် - ကျယ်ဂေါင် နယ်စပ်ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မနက် ၇ နာရီက ပြန်ဖွင့်လိုက်ပေမယ့် လုပ်ငန်းလည်ပတ်မှု မရှိသေးဘူးလို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

"ဂိတ်ပေါက်ကတော့ သူက ဖွင့်ရင် သုံး‌ဂိတ်လုံး ဖွင့်မှာဗျ။ အခု မန့်ဝိန်းပေါက်လည်း ဖွင့်တော့ ဖွင့်တယ်။ ဒါပေမယ့် စာအုပ်တွေကတော့ အခု လောလောဆယ် ၁၃/ ပဲ စပေးမယ့် သဘောမှာ ရှိတယ်။ တနင်္လာနေ့မှ စမှာ။" လို့ နယ် စပ်ကုန်သည်တဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ကစ မူဆယ် အိမ်ထောင်စု ယာဉ်မောင်းတွေ၊ ၆ ဘီးကား ယာဉ်မောင်းတွေသာ Temporary Border Pass နဲ့ ဝင်နိုင်မှာဖြစ်ပြီး အဝင်အထွက် ဆေးစစ်ခံရပါမှာ ဖြစ်ကြောင်း နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

မန့်ဝိန်းဂိတ်ပေါက်ကနေလည်း မနေ့က ဂိတ်ဖွင့်လိုက်ကတည်းက တရုတ်ဘက်ကရော၊ မြန်မာဘက်ကရော ဘာယာဉ် အဝင်အထွက်မှ မတွေ့ရသေးပါဘူး။

တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ ဈေး‌ဂိတ် အဖြစ်ကုန်သွယ်နေတဲ့ ဆင်ဖြူ ဂိတ်ပေါက်ကတော့ ဖွင့်ဖိုရန် ဂိတ် အဆောက်အဦတွေကို ပြင်ဆင်နေတာ တွေ့ရပါတယ်။

ဆင်ဖြူပေါက်နား သုံးဘီးယာဉ်မောင်းတဦး "မနေ့က လူကြီးတွေတော့ လာတယ်။ လာကြည့်တာပဲရှိတယ်။ ဖွင့်ပွဲ လုပ်သွားတာတော့ မတွေ့ဘူး။" လို့ ပြောပါတယ်။

‌လက်ရှိတော့ ဆင်ဖြူ - ကျယ်ဂေါင် နှစ်နိုင်ငံ ဝင်ထွက်ဂိတ် မြန်မာဘက်ခြမ်းမှာတော့ ကိုဗစ် စစ်ဆေးဖို့လို့ ယူဆရတဲ့ အခန်းတွေ ဆောက်လုပ်ပြင်ဆင်နေဆဲ တွေ့ရပြီး မုခ်ဦ ဆေးသုတ်တာတွေ၊ တခြား ပြင်ဆင်မွမ်းမံနေတာတွေ တွေ့ရပါတယ်။

ဒီနေ့ နေလယ်ပိုင်းအထိတော့ နန်းတော် (အလယ်ပေါက်) ဂိတ်လည်း မြန်မာဘက်ခြမ်း ပိတ်ထားဆဲ ဖြစ်တယ်လို့ အမျိုးသားတဦးက ပြောပါတယ်။

"ခု သူများပြောနေတာ ၁၃/ အရင် ပေးမယ်ကြားလို့ ကျနော်က ၁၃/ မဟုတ်ဘူး။ အဲဒါကြောင့် စာအုပ် ဘယ်လို လုပ်ရမလဲလို့ သွားမေးမလို့ သွားတာ နန်းတော်ပေါက်က ပိတ်ထားတယ်။"

မြန်မာဘက်ခြမ်း ဆင်ဖြူဂိတ်ပေါက်မှာ အဆောက်အဦ မွမ်းမံ‌တဲ့ထဲမှာပါတဲ့ အမျိုးသမီးတဦးက "အဲမှာ ဆေးသုတ်ပြီးရင် ဖွင့်မယ်လို့ ပြောတာပဲ" လို့ ပြောပါတယ်။

လူဝင်၊ လူထွက် အတွက် မူဆယ်က နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ တရုတ်ဘက်က ဖွင့်လှစ်လိုက်ကတည်းက မြန်မာဘက်ခြမ်း မဖွင့်သေးပေမယ့် တရုတ်ဘက် ရွှေလီ ကျယ်ဂေါင်မှာ ကျောက်စိမ်း၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင် စသဖြင့် ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ သူတွေက ဆိုင်ခန်းတွေကို ပစ်ထားခဲ့ကြတာကြောင့် မူဆယ်မှာ လာရောက် စောင့်ဆိုင်းနေသူတွေလည်းရှိပါတယ်။

"အသိတွေလေ။ ဂိတ်ဖွင့်တော့မယ်ဆိုလို့ တက်လာကြတာ။ ဟိုတယ်မှာ တပတ်ကျော်ပြီ။ အခန်းတွေတောင် ကျပ်တယ်တဲ့။ စရိတ်လည်း ပြတ်ကုန်ကြပြီ  အခုထိလည်း မဖွင့်သေးဘူး။ ငါတို့က နယ်စပ်မှာပဲ လုပ်ကိုင် စားသောက်တတ်တော့ နေ့တိုင်းပဲ ဂိတ်ဖွင့်မဖွင့် လာကြည့်နေရတယ်" လို့ ဒေသခံအမျိုး သမီးတဦး က ပြောပါတယ်။

ကိုဗစ်ကာ‌ေအတွင်း တရုတ်ဘက်က ကိုဗစ် zero စနစကြောင့် မြန်မာနိုင်ငံသား‌ေတွ အများဆုံး အလုပ်လုပ်ကိုင် နေထိုင်တဲ့ မူဆယ်နဲ့ ထိစပ်နေတဲ့ ကျယ်ဂေါင်မြို့ကို ပိုးသတ်ဖို့ဆိုပြီး လူတွေ တယောက်မှ မရှိအောင် ဖယ်ရှားလိုက်တာမှာ မြန်မာနိုင်ငံသား အများစုက အကုန်ထားခဲ့ပြီး ပြည်တော် ပြန်ခဲ့ကြရတာပါ။

ကိုဗစ် အကြောင်းပြချက်နဲ့ နှစ်ချီကြာ ပိတ်ထားခဲ့တဲ့ မူဆယ် နယ်စပ်က မန့်ဝိန်း၊ နန်းတော်၊ ဆင်ဖြူဂိတ်တွေကို အခုရက်ပိုင်းတွေမှာ ယခင်ကလို ပြန်လည် လည်ပတ်နိုင်ဖို့ ပြင်ဆင် နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up