ရုရှား တပ်သားသစ် အသက်ကန့်သတ်ချက် တိုးမြှင့်ဖွယ်ရှိ

ရုရှားစစ်သည်အင်အားကို ၃၀ ရာခိုင်နှုန်းတိုးဖို့ အစိုးရရဲ့ အစီအစဉ် တစိတ်တပိုင်း အနေနဲ့ ဒီနှစ်နွေဦးကစပြီး စစ်သားစုဆောင်းမယ့် နိုင်ငံသားတွေရဲ့ အသက်အပိုင်းအခြား ကန့်သတ်ချက်ကို တိုးမြှင့်နိုင်တယ်လို့ ဝါရင့်လွှတ်တော်အမတ် တယောက်က ပြောပါတယ်။
ရုရှားနိုင်ငံသားတွေအတွက် စစ်မှုမထမ်းမနေရ ကန့်သတ်ချက်အတွက် အသက်အပိုင်းအခြားကို လက်ရှိ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အစား အသက် ၂၁ နှစ်ကနေ ၃၀ ကြားထားရှိ မြှင့်တင်ဖို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်တွေကို ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က ဒီဇင်ဘာလတုန်းက ကျောထောက်နောက်ခံပေးခဲ့ပါတယ်။
ဒါပေမဲ့ အသွင်ကူးပြောင်းရေး ကာလ တနှစ်ကနေ ၃ နှစ်အတွင်း ကန့်သတ်ချက်ကို ပြင်ဆင်မှာ ဖြစ်တယ်လို့ ရုရှားလွှတ်တော် ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ အန်ဒရေ ကာတာပိုလာ့ဗ်က လွှတ်တော်ရဲ့ တရားဝင်သတင်းစာနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ယူကရိန်းမှာ အကြီးအကျယ် ဆုံးရှုံးခဲ့တဲ့အတွက် စစ်သည်အင်အား အကြီးအကျယ် လျော့နည်းပြတ်လပ်နေတာကို အားဖြည့်ဖို့ စစ်သားစုဆောင်းနိုင်မယ့် ရုရှားနိုင်ငံသား ဦးရေကို တိုးမြှင့်ဖို့ အာဏာပိုင်တွေက သိသိသာသာ ကြိုးစားနေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။