ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏သမီး ဝန်ကြီးချုပ်နေရာအတွက် ရွေးကောက်ပွဲဝင်ပြိုင်မည်

ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ် မေလထဲ ကျင်းပဖို့ရှိတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရှင်နာဝပ်ရဲ့ အထွေးဆုံးသမီး ဖဲထောင်းထန်းရှင်နာဝပ် (ခ) အုန်အင်အနေနဲ့ ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက် အရွေးခံဖို့ အဆင်သင့်ရှိကြောင်း ဇန်နဝါရီ ၁၅ ရက် မဲဆွယ်ပွဲတခုမှာ ပြောကြားခဲ့ပါတယ်။
ဖွေ့ထိုင်းပါတီရဲ့ အတိုင်ပင်ခံလည်းဖြစ်၊ ဖွေ့ထိုင်းမိသားစုခေါင်းဆောင်လည်းဖြစ်တဲ့ အုန်အင်ဟာ ပါတီလွှတ်တော်အမတ်တွေ၊ ပါတီဝင်တွေနဲ့အတူ မနေ့ကထိုင်းအရှေ့မြောက်ပိုင်း ဥဒွန်းဌာနီ အီဆန်ဒေသ ဖင်းမြို့နယ်ထဲမှာ စည်းရုံးရေးဆင်းစဉ် စင်မြင့်ပေါ်ကနေ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အုန်အင်က “ဝန်ကြီးချုပ်အဖြစ် အရွေးခံဖို့ ပါတီက ကျမကို အဆိုပြုရင် ဝင်ပြီးအရွေးခံဖို့ အဆင်သင့်ပါပဲ၊ ကျမမဟုတ်ဘဲ ပါတီထဲက တခြားတယောက်ကို အဆိုပြုရင်လည်း အရွေးမခံဖို့ အသင့်ပါဘဲ။ ကျမတို့ ဒီချိန်ထိ ရောက်လာခဲ့ပြီ။ ပြည်သူပြည်သားတွေ ကောင်းစားဖို့ တိုင်းပြည် ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီ၊ ကျမတို့ပြည်သူတွေ အကြွေးထူနေကြတယ်၊ ငွေလာပေးရင် အကြွေးဆပ်ဖို့ ယူထားကြ” လို့ ပြောခဲ့ပါတယ်။
လက်ရှိအာဏာရ ဖလန်းပချားရတ်ပါတီနဲ့ ပူးပေါင်းဖို့ ပြောဆိုနေကြောင်း သတင်းတွေ ထွက်နေတဲ့ အပေါ်မှာတော့ သူက ရည်ရွယ်ချက်ချင်းတူ၊ မူဝါဒလည်းတူညီတဲ့ ဘယ်ပါတီနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း၊ ဒါပေမဲ့ ဖလန်းပချားရတ်ပါတီနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ မရှိဘူးလို့ သတင်းထောက်တွေကို ဖြေကြားသွားပါတယ်။
အဆိုပါခရီးစဉ်မှာ ပြည်သူတွေက သူတို့ဒေသရဲ့ လူမှုရေး၊ စီးပွားရေးပြဿနာ၊ လူငယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်လာကြောင်း၊ ရာဘာဈေးမှာလည်း အရင်က ၁ ကီလို ဘတ် ၈၀ မှ ၁၀၀ ထိ ရခဲ့ဖူးပေမဲ့ ယခုအခါ ၅ ကီလိုကို ဘတ် ၁၀၀ သာရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း အတွက် ဓာတ်မြေဩဇာဈေးနှုန်း ကြီးမြင့်လာလို့ တွက်ခြေမကိုက်တဲ့အကြောင်း ရင်ဖွင့်ကြပါတယ်။
ဖွေ့ထိုင်းပါတီကလည်း သူတို့သာ အာဏာရရင် ပြည်သူတွေ တင်ပြလာတဲ့ အခက်အခဲတွေ ဖြေရှင်းပေးမယ့်အကြောင်း၊ အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၆၀၀ ရစေရမယ်၊ ရာဘာဈေး ၁ ကီလို ဘတ် ၁၀၀ ရစေရမယ်၊ လယ်ယာထုတ်ကုန်တွေ နိုင်ငံခြားထိ တင်ပို့ ရောင်းချနိုင်အောင် ဈေးကွက်တွေ ဖန်တီးပေးမယ်၊ ထိုင်းပြည်သူတိုင်း ပျော်ရွှင်စွာ နေထိုင်နိုင်မယ့် စနစ်ကို အတူသွားကြမယ်လို့ စည်းရုံးပြောဆိုခဲ့ပါတယ်။
အုန်အင်ဟာ လက်ရှိ အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး ဒုတိယမြောက် ကိုယ်ဝန် ၆ လ ဆောင်ထားပါတယ်။
သူဟာ ဘန်ကောက်ကျူလာလောင်ကွန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရထားပြီး ခင်ပွန်းဖြစ်သူကတော့ ထိုင်းအဲယားဝေးလေကြောင်းလိုင်းမှ လေယာဉ်မှူး ပေါ်လ် (ခ) ပီဖုဒ်ဆုခ်ဆဝဒီ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရှင်နာဝပ်နဲ့ အဒေါ်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်တို့ကတော့ နိုင်ငံရေးပြဿနာနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။