close

အာဏာသိမ်း ၂ နှစ်ခန့်အတွင်း စစ်အုပ်စု သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၇၄၀ ကျော်ထိ မြင့်တက်လာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၄၃ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၇,၃၄၈ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၅၉၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၂,၁၃၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၇၃၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်တရားရုံးကနေ လူမှုကွန်ရက်စာမျက်နှာမှာ ထင်ပေါ်ကျော်ကြားသူ တယောက်ဖြစ်တဲ့ ကိုကျော်ရဲထွေး(ခ)အလင်းသခင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုကျော်ရဲထွေးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က မူဆယ်မြို့က သူ့ရဲ့နေအိမ်မှာ  ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီလောက်ကလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၆ လုံးကြဲချပြီးတော့ တိုက်ခိုက်ခဲ့ရာ ဗုံးသီးတွေဟာ ကျေးရွာထဲက ခရစ်ယာန် ဘုရားရှိခိုးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့်  သင်းအုပ်ဆရာ ၂ ယောက်အပါအဝင် ဒေသခံ ၅ ယောက်သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြပါတယ်။ သေဆုံးသူတွေကတော့ စောရယ်ဒီ၊ စောချမ်းအေး၊ စောဖားဘလယ်၊ နော်လားခလယ်ဖောနဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် နော်မရီးနာတို့ဖြစ်ကြတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up