close

တနိုင်းမြို့နယ်ရှိ ရွှေမှော်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး မှော်လုပ်သားများကို နှင်ထုတ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရွှေမှော်နဲ့ ပယင်းမှော်တွေမှာ ဘက်ဟိုးမြေတူးစက်တွေနဲ့ မှော်တဲတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီး မှော်လုပ်သားတွေကို နှင်ထုတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လပူခမှော်နဲ့ ပယင်းတောင်မှော်မှာ ပယင်းနဲ့ ရွှေတူးဖော်တဲ့နေရာတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၃ ရက်က စတင်ကာ  စီမံချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး မှော်လုပ်သားတွေကို နှင်ထုတ်နေတယ်လို့ ရွှေမှော်ဒေသခံတဦးက ပြောပါတယ်။

“တိုင်းစစ်ဌာနချုပ် အမိန့်စီမံချက်နဲ့ လပူခမှော် ပယင်းတောင်မှော်ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်က ဝင်ဖမ်းတယ်။ တရားမဝင်လုပ်ငန်းအကြောင်းပြချက်နဲ့ ဝင်ဖမ်းတာ။ ဘက်ဟိုး အစီး ၂၀ နဲ့  မှော်တဲ အလုံး ၂၀ ဖမ်းဆီး မီးရှို့မှတ်တမ်းယူရမယ်ပြောလို့ မှော်လူကြီးတွေနဲ့တော့ ညှိနေကြတယ်။ မှော်တဲတွေတော့ မီးရှို့နေပြီ။ မှော်လုပ်သားတွေကိုလည်း နှင်ထုတ်နေပြီ။”

တိုင်းစစ်ဌာနချုပ် အမိန့်စီမံချက်ကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က  လက်ရှိမှာ လပူခမှော်မှာရှိတဲ့ ဘက်ဟိုး ၆ စီးကို သိမ်းယူထားကာ မှော်အတွင်းက ဈေးဆိုင်ခန်းနဲ့ တဲအိမ် ၂၀ ကျော်ကို မီးရှို့ ဖျက်ဆီး ဓာတ်ပုံမှတ်တမ်းယူထားတယ်လို့ သိရပါတယ်။

မှော်လူကြီးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက“စစ်တပ်ဘက်က ဘက်ဟိုးအစီး ၂၀ ဖမ်းရမယ် ပြောတယ်။ ခုတော့ ၆ စီး ဖမ်းလို့ရသွားပြီ။ မှော်ထဲက ဈေးဆိုင်ခန်းနဲ့ တဲအိမ်တွေကို မီးရှို့ပြီး ဓာတ်ပုံမှတ်တမ်းယူနေတယ်။ မှော်လုပ်သားတွေကိုတော့ နှင်ထုတ်နေပြီ”လို့ ပြောပါတယ်။

တနိုင်းမြို့အဝင် တိန်းကောက်ကျေးရွာ ရွှေမှော်သွားရာလမ်းကြောင်းတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ဇန်နဝါရီ ၁၄ ရက်က စတင်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး စစ်ကောင်စီတပ်ရဲ့ နှင်ထုတ်မှုကြောင့် လပူခမှော်နဲ့ ပယင်းတောင်မှော်က မှော်လုပ်သား ၁၀၀၀ ကျော်ဟာ ရွှေမှော်တွေကနေ ထွက်ခွာခဲ့ရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up