ကယ်လီဖိုးနီးယား ပစ်ခတ်မှုအတွင်း ၆ လသားကလေးငယ် အပါအဝင် ၆ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗစ်ဆာလီယာမြို့အနီး၊ ဂိုရှမ်နယ်မြေရှိ အိမ်တအိမ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း အသက် ၁၇ နှစ်အရွယ် မိခင်နဲ့ ၆ လသားကလေးငယ် အပါအဝင် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
ဒါဟာ ပစ်မှတ်ထားတိုက်ခိုက်မှုလို့ ဖော်ပြခဲ့ပြီး ကြောက်စရာကောင်းတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလို့လည်း ခေါ်ဆိုလိုက်ပါတယ်။
သေဆုံးသူ ၆ ဦးဟာ ဟားဗက်စ်လမ်းရဲ့ ဘလောက် ၆,၈၀၀ နေရာမှာ ပစ်သတ်ခံခဲ့ရတာ ဖြစ်ကြောင်း တူးလာရီကောင်တီ နယ်မြေရဲအရာရှိ မိုက်ခ်ဘူးထရိုက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ဒီနေ့မနက် ၄ နာရီ မထိုးခင်လောက်က သေနတ်ပစ်ခတ်မှုတွေ ရှိနေပြီး သေနတ်သံတွေ အများအပြား ကြားရတယ်ဆိုတဲ့ သတင်းတွေ ရခဲ့ကာ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်သွားတဲ့အခါ သေဆုံးသူတွေကို တွေ့ခဲ့ရတယ်” လို့ ဘူးထရိုက ပြောပါတယ်။
ဖမ်းမမိသေးတဲ့ သံသယရှိသူ အနည်းဆုံး ၂ ဦးရှိကြောင်းလည်း သူက ဆိုပါတယ်။ တချို့အလောင်းတွေကို လမ်းဘေးမှာ တွေ့ခဲ့ရပြီး တချို့ကတော့ အိမ်ထဲမှာ သေနေကြတယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်အရွယ် မိခင်နဲ့ ၆ လသား ကလေးငယ်တို့ဟာ ဦးခေါင်းမှာ အပစ်ခံထားရတာလို့ ပြောပြပါတယ်။
ဒီဖြစ်ရပ်မှာ ဂိုဏ်းအဖွဲ့တွေနဲ့ ပတ်သက်မှုတွေ၊ မူးယစ်ဆေးဝါး စုံစမ်းမှုတွေ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း နယ်မြေရဲ ဘူးထရိုက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ဒီနေရာမှာနေတဲ့သူကို မူးယစ်ဆေးဝါး ရှာဖွေဝရမ်း ထုတ်ခဲ့ကြောင်းလည်း ပြောပါတယ်။
အခင်းဖြစ်ပွားရာကို အာဏာပိုင်တွေ ရောက်ရှိလာချိန်မှာ ဒဏ်ရာရရှိထားသူတဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့ပြီး နောက်ပိုင်းတော့ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း ဘူးထရိုက ပြောကြားခဲ့ပါတယ်။