အီတလီရဲတပ်ဖွဲ့က အလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင် ၁ ဦးကို ဖမ်းမိ

အီတလီနိုင်ငံရဲ့ အထူးလက်ရုံး ရဲတပ်ဖွဲ့က နိုင်ငံမှာ အလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင် တဦးဖြစ်တဲ့ မက်တေရို မက်စီနာ ဒီနာရိုကို ဇန်နဝါရီ ၁၆ ရက်မှာ ဖမ်းဆီးရမိပါတယ်။
မက်စီနာ ဒီနာရိုဟာ ဆယ်စုနှစ် သုံးခုစာလောက် ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီး သူ့ကို အရင်က စစ္စလီကျွန်းရဲ့ မြို့တော် ပလာမီယိုမှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။
သူဟာ စစ္စလီကျွန်းရဲ့ ကိုဆာနို့စ်ထရာ အမည်ရ မာဖီးယားဂိုဏ်းရဲ့ ခေါင်းဆောင် သူဌေးဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။
၁၉၉၂ ခုနှစ်က မာဖီးယားဆန့်ကျင်ရေး အစိုးရရှေ့နေတွေဖြစ်ကြတဲ့ ဂျီအိုဗန်နီ ဖယ်လ်ကိုနေးနဲ့ ပါအိုလို ဘော်စယ်လီနိုတို့ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့အတွက် သူ့ကို ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ မျက်ကွယ်တရားစီရင်ခဲ့ပါတယ်။
လူ ၁၀ ဦးသေဆုံးခဲ့တဲ့ ဖလောရန့်စ်၊ ရောမနဲ့ မီလန်မြို့က ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း လုပ်ဆောင်ခဲ့တာတွေအတွက်လည်း ဒီဖြစ်ရပ်တွေအပြီး နောက်နှစ်မှာတင် ထောင်ဒဏ်တသက်တကျွန်းနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။
မက်စီနာ ဒီနာရိုဟာ ကာလအတန်ကြာ ပျောက်ကွယ်နေပေမဲ့ သူ့ရဲ့ ဒေသတွင်း အမာခံနယ်မြေဖြစ်တဲ့ စစ္စလီကျွန်းအနောက်ဘက် ထရာပါနီမြို့တဝိုက် ဧရိယာမှာ ဒီ မာဖီးယားဂိုဏ်း လည်ပတ်နိုင်ဖို့ ဆက်စပ်တဲ့အမိန့်တွေကို ထုတ်ပြန်နေနိုင်ဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလပိုင်းမှာ ပြောဆိုခဲ့ပါတယ်။