သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရုရှားနှင့်ဘီလာရုစ် အလံများ မစိုက်ထူရန် တားမြစ်

သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲအတွက် ရုရှားနဲ့ ဘီလာရုစ် အလံတွေကို မဲလ်ဘုန်းပန်းခြံ ပရိဝုဏ်အတွင်း မစိုက်ထူဖို့ တားမြစ် ပိတ်ပင်လိုက်ပါတယ်။
သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် ဗာဆေးလ် မိုင်ရို့ရှ်နီချန်ကိုက ဇန်နဝါရီ ၁၆ ရက်မှာ သူ့မိတ်ဆွေ ကာတေရီနာဘိန်းဒိုရဲ့ ပထမအကျော့ပွဲစဉ် ကစားနေတဲ့ တင်းနစ်ကွင်းဘေးမှာ ရုရှားအလံ ချိတ်ဆွဲထားတဲ့ဓာတ်ပုံကို အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
“ဒီနေ့ သြစတြေးလျအိုးပင်းမှာ ရုရှားအလံကို လူအများရှေ့မှာ ပြသတာကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ယူကရိန်းသံမတ်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးသားကန့်ကွက်ပြီးနောက်မှာ ဒီအလံတွေမစိုက်ထူဖို့ တားမြစ်လိုက်တာပါ။
“ဩစတြေးလျအိုးပင်းမှာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေရဲ့ အလံတွေကို ပိတ်ပင်ထားပါတယ်” လို့ တင်းနစ်ပြိုင်ပွဲစီစဉ်သူ သြစတြေးလျတင်းနစ်အသင်းက ထုတ်ပြန်ချက်ကြေညာခဲ့ပါတယ်။
“တားမြစ်ချက်က ချက်ချင်းထိရောက်တယ်။ တင်းနစ်အားကစားကို အကောင်းဆုံးခံစားနိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ ပတ်ဝန်းကျင်ကို သေချာစေဖို့ ကစားသမားတွေနဲ့ ပရိသတ်တွေနဲ့ ဆက်လုပ်သွားမှာပါ” လို့ တင်းနစ် ဩစတြေးလျအဖွဲ့က ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။
ရုရှားနဲ့ ဘီလာရုစ် ကစားသမားတွေကို မနှစ်က ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ပိတ်ပင်ထားပေမဲ့ သြစတြေးလျအိုးပင်းမှာ နိုင်ငံအဆင့် မပါဝင်ဘဲ တဦးချင်း အားကစားသမား အဖြစ် ယှဉ်ပြိုင်ခွင့် ပြုထားပါတယ်။