close

ဂန့်ဂေါနှင့် ပေါက်တွင် ပြည်သူ ၂ ဦးကို PDF ထောက်ပံ့သူဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်တွေမှာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ခရီးသွားပြည်သူ ၂ ယောက်ကို စစ်အုပ်စုက PDF သတင်းပေး​၊ PDF ထောက်ပံ့သူဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ကံရွာဘက်ကနေ ဂန့်ဂေါမြို့ဘက်ကို ထွက်လာတဲ့ ခရီးသည်တင်ကားပေါ်မှာ လိုက်ပါလာတဲ့ ဒေါ်လှလှမြင့်ကို ဇန်နဝါရီ ၁၆ ရက် မနက် ၈ နာရီလောက်မှာ စစ်အုပ်စုတွေက PDF ထောက်ပံသူဆိုပြီး စွပ်စွဲဖမ်းဆီးကာ ဂန့်ဂေါမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်လို့ ဂန့်ဂေါမြို့ ဒေသခံတယောက်က ပြောပါတယ်။

ပေါက်မြို့ သရက်တောဂိတ်မှာလည်း ပခုက္ကူဘက်ကနေ ထွက်လာတဲ့ ခရီးသည်တင်ကားပေါ်ကနေ ကိုဇောဘွေးကို ဇန်နဝါရီ ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ PDF သတင်းပေးဆိုပြီး စစ်အုပ်စုက စွပ်စွဲဖမ်းဆီးသွားကြတယ်လို့ ပေါက်မြို့ ဒေသခံတယောက်က ပြောပါတယ်။

“ပေါက်မြို့နယ်မှာတော့ သရက်တောဂိတ်က အဆိုးဆုံးပဲဗျ။ ယောဒေသနဲ့ ချင်းတောင်ကိုတက်မယ့် ကားတွေကို အစားအသောက်၊ ဆေးဝါးနဲ့ အိမ်ဆောက်ပစ္စည်းတွေ သယ်ယူခွင့်တွေ တားမြစ်ကန့်သတ်ထားသလို စစ်(...)တွေက ပြည်သူတွေဆီကနေ မတရား ငွေညှစ်နေကြသလို အပြစ်မဲ့ပြည်သူတွေကိုလည်း မကြာခဏ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်။”

စစ်ကောင်စီတပ်သားတွေဟာ သူတို့ စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေမှာလည်း အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုသလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၅၉၀ ယောက်ရှိပြီး အဲဒီထဲက ၂,၁၃၉ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up