close

စစ်ကိုင်းတိုင်းတွင် အိမ်ခြေ ၂,၀၀၀ ကျော်ကို စစ်တပ်က မီးရှို့၊ မျက်မမြင်အဘွားအို အပါအဝင် ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်းထဲက ကျေးရွာ ၁၉ ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်ခြေ အလုံး ၂,၀၇၀ ဆုံးရှုံးခဲ့ရပြီး အမြင်အာရုံ ချို့ယွင်းနေတဲ့ အသက် ၈၀ အရွယ် အဘွားအို ၁ ယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကနေ ၁၂ ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ မူးမြစ်ကမ်းတလျှောက် ကျေးရွာ ၁၈ ရွာနဲ့ ရေဦးမြို့နယ်က ကျေးရွာ ၁ ရွာ အပါအဝင် စုစုပေါင်း ၁၉ ရွာကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး အဆိုပါ စစ်ကောင်စီတပ်တွေထဲမှာ မှော်ဘီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၇၀၁ နဲ့ အမှတ် ၁၀ စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ မော်လိုက်အခြေစိုက် ခမရ-၃၆၄ တို့က စစ်သားတွေ ပါဝင်တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာက ဘုန်းကြီး ၁ ပါး အပါအဝင် ကျေးရွာတွေက အပြစ်မဲ့ပြည်သူ အယောက် ၃၀ လည်း ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေး ဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up