close

ပုလောမြို့နယ်၌ စစ်တပ်နှင့်ပျူစောထီးများက ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်မီးရှို့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရွာသားတွေရဲ့ နေအိမ်တွေကို ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီလို မီးရှို့ခဲ့ပြီးနောက် PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကာ အုပ်ချုပ်ရေးမှူးကို သတ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပြည်သူ ၃ ဦးကိုတော့ သတ်ပစ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စကစက ကျနော်တို့ PDF ကို လုပ်မရလို့ လုပ်ရတဲ့ပြည်သူတွေကို အနိုင်ကျင့် နှိပ်စက်မှာပဲ။ ဒါက မဆိုင်တဲ့ပြည်သူတွေကို လုပ်တာမို့လို့ ကျနော်တို့အနေနဲ့ ဘယ်လိုမှလက်မခံနိုင်ဘူး။ စကစလုပ်ရပ်က တော်တော်ဆိုးနေပြီ။ ပလမြို့နဲ့ တိုရွာတွေမှာလည်း ဒီပုံစံပဲလုပ်တာ။ စကစက တခုခုဆို မီးရှို့တဲ့လုပ်ရပ်ကလွဲပြီး ဘာမှမသိဘူး” လို့ မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးက ပြောပါတယ်။

အဲဒီလို မီးရှို့ရာမှာ ရှပ်ပုံရွာ စံပြရပ်ကွက်နဲ့ အောင်မင်္ဂလာဘက်တွေမှာ စကစ‌ ထောက်ခံသူတွေက လက်ညှိုးထိုးတဲ့ ဒေသခံတွေရဲ့ အိမ်တွေကို အဓိကထားပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“စကစက PDF တွေကို လုပ်လို့မရရင် ရွာတွေကို မီးရှို့ကြတာပဲ။ အဲလိုမီးရှို့တာကြောင့် ကျနော်တို့မှာ နေစရာနေရာမရှိတော့ ရှောင်ပြေးရတာပေါ့။ ကျနော်တို့ လောလောဆယ် လိုအပ်တာကတော့ စားနပ်ရိက္ခာတွေပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာလ ၂၀၂၁ ကနေ ဒီဇင်ဘာလကုန် ၂၀၂၂ အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ လက်ချက်ကြောင့် ပုလောမြို့နယ်မှာ အရပ်သားပြည်သူ နေအိမ် စုစုပေါင်း ၁၁၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ Southern Monitor က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က ပုလောမြို့နယ် ရှပ်ပုံရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၂ ဦးနဲ့ ပျူစောထီး ၁ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up