လော့စ်အိန်ဂျလိစ်တွင် ကမ္ဘာ့အကြီးဆုံး ဧရာမ ပီဇာကြီးတခု ဖန်တီးနေ

ကမ္ဘာ့အကြီးမားဆုံးပီဇာကြီးကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ဇန်နဝါရီ ၁၈ ရက်က စတင်ဖန်တီးနေပါတယ်။
အခုပြုလုပ်နေတဲ့ ပီဇာမျက်နှာပြင် အကျယ်အဝန်းဟာ စတုရန်းပေပေါင်း ၁၄,၀၀၀ ကျော် ရှိမှာဖြစ်ပြီး ဒီဧရာမပီဇာချပ်ကြီး ပြုလုပ်ပြီးစီးသွားတဲ့အခါမှာလည်း အချပ်ရေ ၆၈,၀၀၀ အထိ စိတ်ပိုင်းမှာဖြစ်တယ်လို့ ပီဇာဟတ်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဒေးဗစ်ဂရေ့ဗ်က ပြောပါတယ်။
“ကမ္ဘာ့အကြီးမားဆုံးပီဇာအဖြစ် ကမ္ဘာ့စံချိန်ချိုးနိုင်ဖို့အတွက် လော့စ်အိန်ဂျလိစ် ကွန်ဗင်းရှင်းစင်တာကို ရောက်ရှိနေတာပါ။ ဒီလို အလွန်ကြီးမားတဲ့ ပီဇာကြီးကို ပြုလုပ်ပြီးစီးနိုင်ဖို့အတွက် လူဒါဇင်ပေါင်းများစွာက အလုပ်လုပ်နေကြပါတယ်”လို့ ဂရေ့ဗ်က ပြောပါတယ်။
ဒီဧရာမပီဇာကြီးကို လုပ်ဖို့အတွက် ထောင့်မှန်စတုဂံပုံစံ နယ်ထားတဲ့ ဂျုံအစိမ်းချပ်တွေကို ပီဇာရဲ့အောက်ခြေပုံစံအတိုင်း စီရီထားပြီးနောက် ချိစ်နဲ့ အသားပြားတွေ မထည့်ခင် ဂျုံအစိမ်းချပ်တွေပေါ်မှာ ဆော့စ်ကို အရင်သုတ်လိမ်းနေကြတာပါ။
အဲ့ဒီအဆင့်တွေပြီးမှ ပီဇာဖုတ်ဖို့အတွက် ချက်ပြုတ်ရေးကိရိယာတခုကို အပေါ်ကနေ ချိတ်ဆွဲထားမယ်လို့ သိရပါတယ်။
ဒီပီဇာချပ်ကြီးထဲမှာ စုစုပေါင်း ပါဝင်ပစ္စည်းအဖြစ် ဂျုံအစိမ်းပေါင်း အလေးချိန် ပေါင် ၁၃,၀၀၀ ကျော်၊ ပီဇာဆော့စ်ပေါင် ၅,၀၀၀ နီးပါးနဲ့ ဒိန်ခဲ အလေးချိန် ပေါင် ၈,၈၀၀ ကျော်နဲ့အတူ အကြမ်းဖျင်းအားဖြင့် ပုံမှန်အတိုင်း အဝိုင်းလိုက်လှီးဖြတ်ထားတဲ့ အသားပြားအချပ်ရေ ၆၃၀,၀၀၀ ကျော် ပါဝင်မယ်လို့ ဆိုပါတယ်။
ဒီဧရာမပီဇာကြီး ပြုလုပ်ပြီးစီးသွားတဲ့အခါ အကြီးမားဆုံးစံချိန်ကို ဂရင်းနစ်စံတော်ချိန် ချိုးဖျက်နိုင်ဖို့ မျှော်လင့်ထားကြတာပါ။
ကမ္ဘာ့အကြီးမားဆုံး ဒီပီဇာချပ်ကြီးကို ချက်ပြုတ်လှီးဖြတ်ပြီးတာနဲ့ တပြိုင်နက် ဒေသတွင်းမှာ ရှိတဲ့ အစားအသောက်စုဆောင်းရာနေရာတွေနဲ့ ပရဟိတအဖွဲ့တွေဆီ လှူဒါန်းသွားမယ်လို့လည်း ဂရေ့ဗ်က အတည်ပြု ပြောကြားပါတယ်။