အီရတ်တွင်ကျင်းပသည့် ဘောလုံးပွဲတွင် လူတိုးပိမိပြီး ပရိသတ် ၁ ဦးသေဆုံး

အီရတ်နိုင်ငံတောင်ပိုင်း၊ ဘာဆရာမြို့မှာ ဇန်နဝါရီ ၁၉ ရက်ကကျင်းပတဲ့ ပင်လယ်ကွေ့ဖလား ဘောလုံးပြိုင်ပွဲကို လာကြည့်ရင်း ပရိသတ်တွေ လူတိုးမိ ပိမိရာက လူ ၁ ယောက် သေဆုံးပြီး လူပေါင်းဒါဇင်ချီ ဒဏ်ရာရသွားကြောင်း ရိုက်တာသတင်းမှာ ထုတ်ပြန်ပါတယ်။
ဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ပွဲကြည့်ပရိသတ်တွေဟာ အားကစားကွင်းရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ စုဝေးရောက်ရှိနေရင်းက ဘောလုံးပွဲပရိသတ်တွေဟာ ဘာဆရာ နိုင်ငံတကာ အားကစားကွင်းထဲကို နံရံကိုကျော်ပြီး ဝင်ဖို့ ကြိုးစားခဲ့ကြတာပါ။
လူထောင်ပေါင်းများစွာက ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြတာကြောင့် အားကစားကွင်းအနီးမှာပဲ လူအုပ်ပြိုသွားတာဖြစ်ပြီး လူတယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း အီရတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ ရက်က ကျင်းပတဲ့ အိမ်ရှင် အီရတ်နဲ့ အိုမန်တို့ရဲ့ ပင်လယ်ကွေ့ဖလား ဖိုင်နယ်ပွဲဟာ တောင်ပိုင်းမြို့ ဘာဆရာက လူထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ပါတယ်။
အီရတ်နိုင်ငံဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး အီရတ်နိုင်ငံသား အများအပြားဟာ သူတို့နိုင်ငံအသင်းကို နောက်ဆုံး ဖိုင်နယ်ပွဲကို တက်လာနိုင်လို့ ဝမ်းသာအားရ ဖြစ်နေကြပါတယ်။