close

စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် ဆေးလောကသားများ အွန်လိုင်းတွေ့ဆုံပွဲမှ ထုတ်ပယ်ခံရ

ရက္ခိုင့်တပ်တော် (အေအေ) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ NUG က တာဝန်ရှိသူတွေနဲ့ ဆေးလောကသားတွေတွေ့ဆုံတဲ့ “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ” အွန်လိုင်းတွေ့ဆုံပွဲကို စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက်တဲ့အတွက် ပွဲစီစဉ်သူက ထုတ်ပယ်ခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲကို ဆေးလောကသားတွေသာမကဘဲ စိတ်ပါဝင်စားသူ ဘယ်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ထားတာဖြစ်ပြီး စစ်ကောင်စီခန့်အပ်ထားတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ဝင်လာတဲ့အတွက် တက်ရောက်သူတွေက ဆဲဆိုခဲ့ကြပြီး ပွဲစီစဉ်သူတွေကတော့ လက်မခံဘဲ ထုတ်ပယ်လိုက်တယ်လို့ အပြန်အလှန်ဆွေးနွေးတဲ့ စကားပြောခန်းမှာ ပြောဆိုနေကြတာပါ။

‌နွေဦးတော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ဆေးလောကသားတွေကို ဒေါက်တာညိုထွန်းအောင်က သူ့ရဲ့ ၁၄ နှစ်တာ တော်လှန်ရေးအတွေ့အကြုံတွေ၊ စိတ်ခွန်အားတွေနဲ့ အကြံဉာဏ်တွေကိုပေးတဲ့ အဆိုပါ အွန်လိုင်းဆွေးနွေးပွဲကို ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၂ နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဗွီဘီအနေနဲ့လည်း တက်ရောက်ခဲ့တာပါ။

အခုဆွေးနွေးတွေ့ဆုံပွဲကို Medical Family Mandalay (MFM) နဲ့ Yangon Medical Network (YMN) တို့က စီစဉ်ပြီး ဒေါက်တာညိုထွန်းအောင်က ဦးဆောင်ဆွေးနွေး ပြောကြားခဲ့တာပါ။

NUG ကျန်းမာရေးဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုဝန်ကြီး ဒေါက်တာရွှေပုံနဲ့ ပါမောက္ခ ခင်မောင်လွင်တို့ တက်ရောက်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဆေးလောကသားတွေနဲ့ စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up