ဆီမီးကွန်ဒတ်တာပို့ကုန်ထိန်းချုပ်ရန် အမေရိကန်နှင့် ဂျပန် ဆွေးနွေးမှုအား တရုတ် ရှုတ်ချ

အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံအပေါ် ဆီမီးကွန်ဒတ်တာနဲ့ဆက်နွှယ်တဲ့ ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုကို ပို့ကုန်ထိန်းချုပ်မှု အလွဲသုံးစားလုပ်တယ်ဆိုပြီး ဇန်နဝါရီ ၂၀ ရက်မှာ ရှုတ်ချလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က “ဒီလုပ်ရပ်တွေဟာ စျေးကွက်စည်းမျဉ်းတွေနဲ့ နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေရုံသာမက ကမ္ဘာ့စက်မှုကွင်းဆက်နဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ တည်ငြိမ်မှုကိုလည်း ထိခိုက်စေကြောင်း” ဒီနေ့ ဘေဂျင်းမှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
အမေရိကန်ဘက်က ပို့ကုန်ထိန်းချုပ်မှုတွေကို အလွဲသုံးစားလုပ်ဖို့ သူ့ရဲ့ နိုင်ငံဩဇာအာဏာကို အကြိမ်ကြိမ် အသုံးချခဲ့ကြောင်းနဲ့ အမေရိကန်ဟာ သူ့ကိုယ်ကျိုးစီးပွားကို ထိန်းထားဖို့အတွက် သိပ္ပံနဲ့နည်းပညာ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံရေးအသွင် ဆောင်ပြီးတော့ လက်နက်လို အသုံးချနေတယ်လို့လည်း တရုတ်က ပြောပါတယ်။
ဝါရှင်တန်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခိရှိဒနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကြား ဆွေးနွေးပွဲဟာ အလွန်အကျိုးရှိခဲ့ကြောင်း အမေရိကန်အရာရှိတဦးက ဇန်နဝါရီ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။
ဘိုင်ဒင်အစိုးရဟာ အောက်တိုဘာလမှာ အမေရိကန် ချစ်ပ်ထုတ်လုပ်ရေးနည်းပညာကို တရုတ်တွေမရအောင် တင်းတင်းကျပ်ကျပ် ကန့်သတ်မှုတွေ အပါအဝင် ပို့ကုန်ထိန်းချုပ်မှုတွေကို အစုံအလင် ထုတ်ပြန်ခဲ့ပါတယ်။
ပေကျင်းရဲ့ နည်းပညာပိုင်းနဲ့ စစ်ရေးတိုးတက်မှုပိုင်းကို နှေးကွေးစေအောင် ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။