close

ရေဦး-ခင်ဦးသွား မူးမြစ်ကူး ဝါးတံတားနှင့် ကန့်ဘလူ အင်းမရွာကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် အိမ်ခြေ ၂၄၀ ရှိတဲ့ အင်းမကျေးရွာကို စစ်ကောင်စီ ခြေမြန်တပ်ရင်း (၃၆၈)နဲ့ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၁ ရက် မွန်းတည့် ၁၂ နာရီက စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင် တာဝန်ရှိသူတဦးက "အင်းမရွာကို စစ်ကောင်စီတပ်က  ဒုတိယအကြိမ် မီးရှို့တာ။ ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာ နေအိမ် ၈၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်” လို့ DVB ကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကနေ ဒီနေ့အထိ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာပေါင်း ၉ ရွာက နေအိမ်တွေနဲ့ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေခသံ ၁၁ ယောက်ကိုလည်း ဖမ်းဆီးနှိပ်စက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသမီး ၃ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ဂါးဂလော်ကျေးရွာက ဖမ်းဆီးခံရတဲ့အမျိုးသမီး ၂ ဦးကတော့ ဒီနေ့ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကထုတ်ပြန်ထားပါတယ်။

စစ်‌ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အင်းမရွာ၊ပင့်သာရွာ၊ဖလားရရွာ၊ ချောင်းကြားရွာနဲ့ ရှမ်းကုန်းရွာ စတဲ့ရွာ ၅ ရွာခံ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာကာ စစ်ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် အဖွဲ့က‌ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ဒေသခံတွေ ဆောက်လုပ်ထားတဲ့ ရေဦး-ခင်ဦးသွား မူးမြစ်ကူး ယာယီဝါးတံတားကို စစ်ကောင်စီက ဇန်နဝါရီ ၂၁ ရက်က မနက် ၈ နာရီက မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတံတားကို ရေဦးမြို့နယ်၊ ရွာသာလေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်က မီးရှို့သွားတာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ 

“ဒီနေ့မနက်က အင်ပတ်ရွာနဲ့ ကြာဖူးအဝိုင်းပတ်ဘက်က စစ်ကောင်စီ တပ်တွေ ပေါင်းပြီး ရွာသာလေး ရွာကနေ စစ်ကြောင်း ထိုးလာတယ်။ မနက်ခင်း ၈ နာရီလောက် မူးသာကုန်း ကျေးရွာကို ဝင်တယ်။ အဲဒီ ရွာကနေ မူးမြစ်အနောက်ဘက်ကမ်းက ကျွဲတဲ ၄ လုံးကို မီးရှို့ သွားတယ်။ အဲဒီကနေတဆက်တည်း ရွာသစ်ကျေးရွာအနောက်မှာ ရှိတဲ့ ဝါးတံတားကိုလည်း မီးရှို့သွားတယ်။” 

ဒီတံတားဟာ ဒေသတွင်း တိုက်ပွဲဖြစ်ပွားပါက ဒေသခံပြည်သူတွေ ထွက်ပြေးဖို့ အရေးပေါ် ဆောက်လုပ် ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up