close

ဗဟင်းတိုက်နယ်ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး၊ ပျူစောထီးယာဉ် ပစ်ခတ်ခံရ

မကွေးတိုင်း မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗဟင်းတိုက်နယ်ဆေးရုံကို ဒီနေ့မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်က လေကြောင်းကနေ နာရီဝက်လောက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲလို့ ဆေးရုံအဆောက်အုံ တချို့ ထိခိုက်ပျက်စီပြီး အမျိုးသမီးတယောက် သေဆုံးခဲတယ်လို့ ဗဟင်းရွာခံတယောက်က ပြောပါတယ်။

သေဆုံးသွားတဲ့ သူကတော့ ဗဟင်းဆေးရုံရဲ့ အနောက်ဘက်၂ ခြံကျော်လောက်မှာနေတဲ့ အသက် ၆၀ အရွယ် ဒေါ်ကြည်ဖြစ်ပြီး ကြောက်လို့ မကျည်းပင်အောက်မှာ ပုန်းနေတာကို လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆေးရုံမှာ CDM ဆရာဝန်တွေ၊ PDF တွေ ရှိတယ်ဆိုပြီး လက်နက်ကြီးတွေနဲ့ အချက် ၂၀ လောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆေးရုံခေါင်မိုးတွေ၊ ဓာတ်မှန်ခန်းတွေ ထိခိုက်ပျက်စီးသွားပြီး ဆေး ရုံတောင်ဘက်က စက်ပစ္စည်းဆိုင်တဆိုင် မီးလောင်ခဲ့လို့ အချိန်မီငြိမ်းသတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ရဟတ်ယာဥ် ပြန်ဆုတ်သွားတဲ့အချိန်မှာတော့ ဆေးရုံပေါ်မှာ တက်ရောက်ကုသနေတဲ့ လူနာတွေကို ထိခိုက်မှု မရှိဘဲ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် မြောက်ပိုင်းဇုန်က ရွာသစ်ကုန်း၊မကျီးကန်နဲ့ ညောင်ကုန်းရွာဘက်မှာလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းကလည်း စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ နေအိမ်၊အဆောက်အုံတွေ ထိခိုက်ပျက်စီးခဲ့တယ်တယ်လို့ သိရပါ တယ်။

မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းကတော့ ပျူစောထီးကားတစီး တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၆ ယောက်ဒဏ်ရာ ရခဲ့တယ်လို မြိုင်ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့ကနေ သရက်ခွရွာဘက်ကို ရိက္ခာသယ်ပြီး ပြန်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေပါတဲ့ ကားတစီးကို ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲတွေက လမ်းကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်သည် ၂ ယောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးကာ ၆ ယောက် အပြင်းထန် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေသခံ PDF တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင် မဟာမိတ်တပ်ဖွဲ့တွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up