နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် ကိုဗစ်တုံပြန်မှုဦးဆောင်သူ ခရစ္စဟစ်ပ်ကင်စ် အစားထိုး တာဝန်ယူမည်

နယူးဇီလန်နိုင်ငံရဲ့ နောက်တက်မယ့် ၀န်ကြီးချုပ်အဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုကို ဦးဆောင်ခဲ့တဲ့ ခရစ္စ ဟစ်ပ်ကင်စ်ကို ရာထူးနုတ်ထွက်သွားခဲ့တဲ့ ဂျဆင်းဒါး အာဒန်း နေရာမှာ အစားထိုး တာဝန်ထမ်းဆောင်မှာဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်မှာ ဟစ်ပ်ကင်စ် ကိုယ်တိုင် အတည်ပြုပါတယ်။
လက်ရှိအာဏာရ လေဘာပါတီကို ဦးဆောင်ဖို့ အမည်တင်သွင်းခံရတဲ့ တဦးတည်းသော ကိုယ်စားလှယ်လောင်းအဖြစ် ပေါ်ထွက်လာပြီးနောက်မှာ ဇန်နဝါရီ ၂၂ ရက် လုပ်မယ့် နယူးဇီလန် လေဘာပါတီက အမတ် ၆၄ ဦးပါ အစည်းအဝေး ဒါမှမဟုတ် ပါတီညီလာခံအတွင်း ဟစ်ပ်ကင်စ်ကို ပါတီခေါင်းဆောင်အဖြစ် အတည်ပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
သူ့အပေါ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံအားပေးမှုကို နှိမ့်ချစွာ ဂုဏ်ယူမိကြောင်းနဲ့ ဒါဟာ အထူးအခွင့်အရေးကြီးတခုဖြစ်သလို ကြီးမားလှတဲ့ တာဝန်ဝတ္တရားတခုလည်း ဖြစ်ကြောင်း ပါလီမန်လွှတ်တော်အပြင်ဘက်မှာ ဟစ်ပ်ကင်စ်က သတင်းမီဒီယာတွေကို ပြောပါတယ်။
လက်ရှိမှာ ဟစ်ပ်ကင်စ်က ရဲတပ်ဖွဲ့၊ ပညာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာတွေအတွက် ဝန်ကြီး အဖြစ် တာဝန်ယူထားသလို အောက်လွှတ်တော်ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ပါလီမန်လွှတ်တော်နေရာအတွက် လေဘာပါတီကနေ ပထမဆုံး ရွေးကောက် တင်မြှောက်ခံရတဲ့ ဟစ်ပ်ကင်စ်ဟာ ကပ်ရောဂါကာလအတွင်း အစိုးရရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ရှေ့တန်းက ဦးဆောင်ခဲ့တာကြောင့် လူသိများထင်ရှားလာခဲ့ပါတယ်။
သူဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာကိစ္စတွေအတွက် ဝန်ကြီးရာထူးကို ခန့်အပ်ခံခဲ့ရပါတယ်။
နယူးဇီလန်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပြီး တချို့သဘောထား စစ်တမ်းတွေအရ လေဘာပါတီအနေနဲ့ အာဏာကို ဆက်လက် ဆုပ်ကိုင်နိုင်ရေး အတွက် ရုန်းကန်ရမယ်လို့ ပြနေပါတယ်။