ဘာကီးနားဖှာဆိုနိုင်ငံတွင် ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ကြီးထွားလာ

ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကြီးထွားလာနေတဲ့ အနောက်အာဖရိကရှိ ဘာကီးနားဖှာဆို နိုင်ငံမှာ ဇန်နဝါရီ ၂၀ ရက် ဝါကာဒူးဂူ မြို့တော်မှာ လူရာပေါင်းများစွာဟာ ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဝင်ရောက် ပူးပေါင်းခဲ့ကြပါတယ်။
ဝါကာဒူးဂူမြို့လယ်ခေါင်မှာ ဇန်နဝါရီ ၂၀ ရက်က လူရာချီ စုဝေးခဲ့ကြပြီး ပြင်သစ်ဆန့်ကျင်ရေး ကြွေးကြော်ပြီးတော့ ပြင်သစ်စစ်တပ်ကို ထွက်သွားဖို့ တောင်းဆိုထားတဲ့ စာတမ်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။
တချို့ကလည်း ပြင်သစ်အလံတွေကို မီးရှို့တာ၊ တံမြက်စည်းလိုလုပ်ပြီး အမှိုက်လှည်းပြတာတွေ လုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲဟာ အတော်ကြီးကို ငြိမ်သက်နေပြီး ဘာထူးခြားဖြစ်ရပ်မှ မရှိဘဲ ပြီးဆုံးခဲ့ကြောင်း ဆန္ဒပြပွဲ နေရာရှိ ရိုက်တာသတင်းထောက်က ပြောပါတယ်။
ဘာကီးနားဖှာဆိုမှာ မနှစ်က စစ်တပ်အာဏာသိမ်းမှု နှစ်ကြိမ် ဖြစ်ပွားပြီးနောက်မှာ ပြင်သစ်နဲ့ ဆက်ဆံရေး ယိုယွင်းလာခဲ့တာပါ။
ပြင်သစ်စစ်တပ် ရှိနေလို့လည်း ဘာကီနာဖှာဆိုမှာ လုံခြုံရေး မတိုးတက်လာဘူး ဆိုတဲ့ ယူဆချက် တွေနဲ့အတူ တင်းမာမှုတွေလည်း မြင့်တက်လာပါတယ်။
ဘာကီးနားဖှာဆိုရဲ့ လက်ရှိစစ်အစိုးရဟာ သူ့အရင် စစ်အစိုးရဟောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ကုန်မှာ အာဏာသိမ်းပြီးနောက် ပြင်သစ်နဲ့ သဘောကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
စစ်အာဏာပိုင်တွေက သူတို့လုပ်ရပ်ကို မှားယွင်းကြောင်း ပြောဆိုထားချက် နဲ့ အစ္စလာမ္မစ် စစ်သွေးကြွရဲ့ ပြောဆိုချက်တွေကို ထည့်သွင်းထုတ်လွှင့်ခဲ့မှုအတွက် ပြင်သစ်ရဲ့ RFI ရေဒီယို ထုတ်လွှင့်မှုကို ဒီဇင်ဘာလမှာ ရပ်ဆိုင်းခဲ့ပါတယ်။
ဒီလအစောပိုင်းမှာ ဘာကီးနားဖှာဆို အစိုးရဟာ ပြင်သစ်သံအမတ်နေရာကို အစားထိုးဖို့ တောင်းဆိုခဲ့ပါတယ်။